ကျောက်လုပ်ကွက်ကျင်းဟောင်း ပြိုကျမှု လူ ၈ ဦး သေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ကုဋေမှော်ရွာအနီးက မြဥယျာဉ် ကုမ္ပဏီရဲ့ ကျင်းဟောင်းတစ်ခု မနေ့ည သန်းခေါင်ယံအချိန်မှာ ပြိုကျလို့ လူ ၈ ယောက် သေဆုံးခဲ့ပါတယ်။

ဖားကန့်မြို့နယ် ကုဋေမှော်ရွာအနီး ကျင်းဟောင်းပြိုကျလို့ သေဆုံးသူတွေထဲက အလောင်း ၅ လောင်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့က လုံးခင်းတိုက်နယ်ဆေးရုံကို သယ်ဆောင်လာစဉ် Photo : Zaw Win Maung - facebook

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ကုဋေမှော်ရွာအနီးက မြဥယျာဉ် ကုမ္ပဏီရဲ့  ကျင်းဟောင်းတစ်ခု မနေ့ည သန်းခေါင်ယံအချိန်မှာ ပြိုကျလို့ လူ ၈ ယောက် သေဆုံးခဲ့ပါတယ်။

ကုမ္ပဏီဝန်ထမ်း ၄ ယောက်နဲ့ အရပ်သားအပါအဝင် ရေမဆေးကျောက် တူးဖော်နေကြသူ ၄ ဦး စုစုပေါင်း ၈ ယောက် သေဆုံးခဲ့တယ်လို့ ဒီကနေ့ ညပိုင်းမှာ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါတယ်။

"ကျင်းဟောင်းက မိုးတွင်းဆိုတော့ ရေတွေရှိတယ်၊ အပေါ်ယံမြေစာကတော့ ချောင်နေတာပေါ့ဗျာ၊ အောက်မှာ ကျတော့ ရေတွေနဲ့ ရောနှောပြီးတော့မှ ရွှံ့နှစ်တွေဖြစ်နေတာပေါ့ဗျ၊ ပြိုကျပြီး ပေါက်ထွက်သွားတယ်၊ ကုမ္ပဏီ ကသေတာက ၄ ယောက်၊ အရပ်သားသေတာက ၄ ယောက်၊ ၈ ယောက်မှာ အလောင်း ၅ လောင်းတော့ ကျနော်တို့ တွေ့ထားတာပေါ့နော်"

အဲဒီအလောင်းတွေကို လုံးခင်းတိုက်နယ်ဆေးရုံကို သယ်ယူနေတာဖြစ်တယ်လို့ လုံးခင်းရွာက ဦးဝင်းမောင် ပြောပါတယ်။

ပြိုကျတဲ့ကျင်းဟာ မြဥယျာဉ်ကုမ္ပဏီရဲ့ ကျင်းဟောင်းဖြစ်ပြီး အဲဒီကျင်းထဲက ရေနဲ့ မြေစာတွေရောပြီး ရွှံ့နစ်မြေတွေ အဖြစ် သဘာဝအကောင်းဆုံး ကျောက်လုပ်ကွက်ထဲ ပြိုကျခဲ့တာဖြစ်ပါတယ်။

သေဆုံးတဲ့ ကုမ္ပဏီဝန်ထမ်း ၄ ယောက်ဟာ မြဥယျာဉ်ကုမ္ပဏီက ဝန်ထမ်းတွေဖြစ်တယ်လို့ သိရပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းနယ်မြေမှာ အခုလအတွင်း ဒီတစ်ကြိမ်နဲ့ဆိုရင် မြေစာပုံ ပြိကျတာ ၄ ကြိမ်ရှိပြီး လူအယောက် ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ အခုလိုပွင့်လင်းချိန် ဆောင်းကာလမှာ စွန့်ပစ်မြေစာပုံပြိုကျမှုတွေနဲ့အတူ မိုးကာလမှာ ကျောက်တောင်ကမ်းပါးတွေပြိုကျလို့ မကြာခဏ ထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org