တရားစွဲအဖွဲ့အစည်းနဲ့ ညှိနှိုင်းဆောင်ရွက်ရင် အဆင်ပြေမယ်လို့ ပြန်ကြားရေးဝန်ကြီးပြော
တပ်မတော်ဘက်က သတင်းမီဒီယာတွေကို တရားစွဲဆိုနေတဲ့အပေါ် အစိုးရ၊ သတင်းမီဒီယာ အဖွဲ့အစည်းတွေနဲ့ တရားစွဲဆိုတဲ့ အဖွဲ့အစည်းတွေ ညှိနှိုင်းဆောင်ရွက်ရင် အဆင်ပြေလိမ့်မယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် က ဒီနေ့ ပြောလိုက်ပါတယ်။
-
2019-05-21 -
-
-
တပ်မတော်ဘက်က သတင်းမီဒီယာတွေကို တရားစွဲဆိုနေတဲ့အပေါ် အစိုးရ၊ သတင်းမီဒီယာ အဖွဲ့အစည်းတွေနဲ့ တရားစွဲဆိုတဲ့ အဖွဲ့အစည်းတွေ ညှိနှိုင်းဆောင်ရွက်ရင် အဆင်ပြေလိမ့်မယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် က ဒီနေ့ ပြောလိုက်ပါတယ်။
နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက တပ်မတော်က သတင်းသမားတွေကို တရားစွဲဆိုနေတဲ့အပေါ် ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ဘယ်လို ကာကွယ်ပေးဖို့ ရှိပါသလဲလို့ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်ကို မေးမြန်းခဲ့ရာမှာ အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။
ပုံနှိပ်မီဒီယာတွေ ရပ်တည်နိုင်ရေး ခက်ခဲနေတဲ့အပေါ် အစိုးရအနေနဲ့ ဘယ်လိုကူညီဆောင်ရွက်ပေးမလည်းဆိုပြီး သတင်းထောက်တစ်ဦးက မေးမြန်းရာမှာတော့ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို တင်ပြမှသာ ဆောင်ရွက်ပေးလို့ရမှာဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်က ပြောပါတယ်။
ဒီနေ့ သတင်းစာရှင်လင်းပွဲမှာ ပြန်ကြားရေးဝန်ကြီးဌာနအပြင် ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တော ကဏ္ဍက အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သတ္တုကဏ္ဍက အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦးတို့လည်း ပါဝင်ပါတယ်။
သတင်းထောက်တွေက ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA ရခိုင်အဖွဲ့တို့ တိုက်ပွဲတွေကြောင့် အပါအဝင် လူမျိုးရေး ဘာသာရေး အဓိကရုန်းတွေကြောင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်မှုရှိပါသလား၊ ရှိတယ်ဆိုရင် ဘယ်အတိုင်းအတာအထိ ရိုက်ခတ်ပါသလဲလို့ မေးမြန်းခဲ့ပါတယ်။
ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ရခိုင်က တိုက်ပွဲတွေကြောင့် ခရီးသွားလာရေး လုပ်ငန်းအပေါ် တိုက်ရိုက်ထိခိုက်မှုမရှိကြောင်း ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုသီဟထွန်းနဲ့ ကိုဝင်းကိုကိုလတ် တို့ ပေးပို့တာပါ။