သံချပ်အဖွဲ့ဝင်တွေကို ပုဒ်မ ၅ဝ၅(က) နဲ့ စွဲချက်တင်သင့် မတင်သင့် စက်တင်ဘာ ၁၂ မှာ ဆုံးဖြတ်မည်

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ စွဲချက်တင်သင့် မတင်သင့် ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး စက်တင်ဘာ ၁၂ ရက်နေ့မှာ အမိန့်ချဖို့ မရမ်းကုန်းမြို့နယ် တရားရုံးက ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို ရန်ကုန်မြို့၊ မရမ်းကုန်းတရားရုံးမှာ ၂၀၁၉၊ ဇူလိုင် ၃၁ ရက်နေ့က ရုံးထုတ်ခဲ့စဉ် ဓါတ်ပုံ - အောင်သိင်္ခ/ RFA

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ စွဲချက်တင်သင့် မတင်သင့် ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး စက်တင်ဘာ ၁၂ ရက်နေ့မှာ အမိန့်ချဖို့ မရမ်းကုန်းမြို့နယ် တရားရုံးက ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

သံချပ်အဖွဲ့ဝင်တွေကို မရမ်းကုန်းမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ပေမယ့် အယူခံအဆင်သင့် မဖြစ်သေးတာကြောင့် ရွှေ့လိုက်တာဖြစ်တယ်လို့ သံချပ်အဖွဲ့ဝင်တွေရဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။

သံချပ်အဖွဲ့ဝင်တွေကို ထပ်မံစွဲဆိုထားတဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) အမှုကိုလည်း စက်တင်ဘာ ၁၂ ရက်နေ့မှာ စတင်စစ်ဆေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

သံချပ်အဖွဲ့ဝင်တွေ အနေနဲ့  တပ်မတော်က ၆၆(ဃ) နဲ့ ထပ်မံတရားစွဲဆိုတဲ့အပေါ် လက်မခံနိုင်ကြောင်း သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်က ပြောပါတယ်။

တပ်မတော်က စွဲဆိုထားတဲ့ ၆၆(ဃ) အမှုနဲ့ ပတ်သက်ပြီး သမီးဖြစ်သူ သံချပ်အဖွဲ့ဝင် ဆုရတနာမြင့် အမေက သမီးဖြစ်သူပြန်လည်လွတ်မြောက်လာမယ်ဆိုရင်လည်း နိုင်ငံရေးကို ဆက်လက် လုပ်ဆောင်ဖို့အတွက် ခွင့်ပြုပေးသွားမယ်လို့ ပြောပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို တပ်မတော် ဂုဏ်သိက္ခာ ညှိုးနွမ်းစေတယ်ဆိုပြီး ပုဒ်မ ၅၀၅(က) ပုဒ်မ ၆၆(ဃ) တို့နဲ့ မရမ်းကုန်းတရားရုံး၊ ဗိုလ်တထောင် တရားရုံးအပါအဝင် ဧရာဝတီတိုင်းဒေသကြီးက ပုသိမ်နဲ့ ဖျာပုံ မြို့တွေမှာလည်း တရားစွဲဆိုထားကြောင်း သိရပါတယ်။

တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းစေတယ်ဆိုပြီး နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ၅၀၅(က)၊ ပုဒ်မ ၆၆(ဃ)တို့နဲ့ တရားစွဲဆိုခံရသူတွေထဲမှာ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ အပါအဝင်၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင် တို့ ဖြစ်ပြီး ဒါရိုက်တာ မင်းထင်ကိုကိုကြီးကိုတော့ မနက်ဖြန် အင်းစိန်မြို့နယ် တရားရုံးမှာ အပြီးသတ်အမိန့်ချမှတ်မှာ ဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org