ငြိမ်းချမ်းရေးလုပ်ငန်းထိရောက်ဖို့ အစိုးရ၊ လွှတ်တော်နဲ့ တပ်တို့ ကြိုတင်ညှိနှိုင်းဖို့လို
ငြိမ်းချမ်းရေးလုပ်ငန်း ထိရောက်အောင်မြင်မှုရှိစေဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မဆွေးနွေးခင် အစိုးရ၊ တပ်မတော်နဲ့ လွှတ်တော်တို့အနေနဲ့ ကာလုံလို အစည်းအဝေးခေါ်ယူကျင်းပပြီး ကြိုတင်ညှိနှိုင်းသင့်တယ်လို့ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအောင်မင်းက ပြောလိုက်ပါတယ်။
-
2018-08-22 -
-
-
ငြိမ်းချမ်းရေးလုပ်ငန်း ထိရောက်အောင်မြင်မှုရှိစေဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မဆွေးနွေးခင် အစိုးရ၊ တပ်မတော်နဲ့ လွှတ်တော်တို့အနေနဲ့ ကာလုံလို အစည်းအဝေးခေါ်ယူကျင်းပပြီး ကြိုတင်ညှိနှိုင်းသင့်တယ် လို့ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအောင်မင်းက ပြောလိုက်ပါတယ်။
ဒီနေ့ ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ဒေါက်တာအောင်နိုင်ဦး ရေးသားတဲ့ ငြိမ်ချမ်းရေးလုပ်ငန်းစဉ်က သင်ခန်းစာ ယူစရာတွေအကြောင်း စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားမှာ ဦးအောင်မင်းက သတင်းထောက်တွေကို ပြောသွား တာဖြစ်ပါတယ်။
"အစည်းအဝေး စားပွဲဝိုင်းရောက်မှ တပ်မတော်ကလည်း သ့ူသဘောထားပြောမယ်၊ အစိုးရက သူ့ သဘောထားပြောမယ်၊ သူတို့က သူ့သဘောထားပြောမယ်ဆိုရင်တော့ အဲဒီသဘောထားပြောတာတွေ နဲ့ပဲ အချိန်တွေ ကုန်သွားမှာ၊ အရင်တုန်းကတော့ ကျနော်တို့ ကြိုညှိလို့အကောင်းဆုံးကတော့ ကာလုံပဲဗျ၊ ကာလုံမှာညှိပြီးမှ ငြိမ်းချမ်းရေးကော်မရှင် ထွက်လာတာ၊ ဒါကြောင့်မို့ ကာလုံတွေဘာတွေ လုပ်သင့် တာပေါ့ဗျာ၊ ရှေ့မဆက်နိုင်ဘူးလို့ ကျနော်မပြောဘူး၊ အစည်းအဝေးစားပွဲကျမှ ကိုယ့်သဘော ထားတွေ ပြောနေတဲ့အခါကျတော့ အဲဒီကိုယ့် သဘောထားအချင်းချင်း ပြန်ညှိကြတာအချိန်နည်းနည်း ပိုပေးရသလိုပဲ"
လက်ရှိအစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်တဲ့အခါမှာ အားနည်းချက်တွေ ရှိတယ်လို့ ဝေဖန်မှုတွေရှိနေတာနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက ဦးအောင်မင်းကို မေးမြန်း ခဲ့ကြတာဖြစ်ပါတယ်။
ဒါ့အပြင် NLD ဦးဆောင်တဲ့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးဆောင်ရွက်ရာမှာ မာနတွေမထားဖို့ လိုအပ်ကြောင်း ဦးအောင်မင်းက ပြောပါတယ်။
ဒီပွဲကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးအောင်မင်းနဲ့ ဦးစိုးသိမ်း တို့လည်း တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းမှာ သူ့ကို တာဝန်ပေးမယ်ဆိုရင် ပြန်လည်ဆောင်ရွက်ဖို့ အသင့်ရှိကြောင်း ဦးအောင်မင်းက သတင်းထောက်တွေကို ပြောပါတယ်။
NLD အစိုးရလက်ထက် ၂ နှစ်ခွဲကျော်ကာလအတွင်း မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးနှစ်ခု သာ NCA စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးနဲ့ ရခိုင်အရေးတွေကို အရေးကြီး ဆောင်ရွက်ဖို့လိုသလို မဖွံ့ဖြိုးသေးတဲ့ နိုင်ငံလည်းဖြစ်တာကြောင့် စီးပွားရေးဟာလည်း ဂရုစိုက်လုပ်သင့်ကြောင်း ပြည်ထောင်စုဝန်ကြီးဟောင်းလည်းဖြစ် လက်ရှိလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးစိုးသိမ်းက RFA ပြောပါတယ်။
ဒေါက်တာအောင်နိုင်ဦးရေးသားတဲ့ "Lessons Learned from myanmar Peace process " ဆိုတဲ့ ခေါင်းစဉ်နဲ့ အင်္ဂလိပ်လို ရေးသားတဲ့ စာအုပ်မိတ်ဆက်ပွဲကို ဒီနေ့ ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပြီး ဦးအောင်မင်း၊ ဦးစိုးသိမ်းစတဲ့ MPC အဖွဲ့ဝင်ဟောင်းတွေ၊ နိုင်ငံရေးပါတီတွေက တချို့ခေါင်းဆောင်တွေလည်း တတ်ရောက်ခဲ့ပါတယ်။