ဟုမ္မလင်းနဲ့ ဖောင်းပြင်က တပ်စခန်းလေးခုကို PDF သိမ်းယူ၊ ပျူစောထီး ၁၂၀ ခန့်လက်နက်ချ

စစ်ကိုင်းတိုင်း ဟုမ္မလင်းနဲ့ ဖောင်းပြင်ကြားက စစ်ကောင်စီတပ်ရင်း နှစ်ရင်းနဲ့ စခန်းနှစ်ခုကို PDF ပူးပေါင်းတပ်တွေက ဧပြီလ ၇ ရက်နေ့က တိုက်ခိုက်သိမ်းယူစဉ် ပျူစောထီး တစ်ရာကျော် လက်နက်ချခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ကျွန်းကုန်းတိုက်ပွဲအတွင်း သိမ်းပိုက်ရရှိခဲ့သည့် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့တွင် NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားစဉ်။ Facebook/ Ministry of Defence - National Unity Government of Myanmar

Updated 1:46 PM Apr 9, 2024

စစ်ကိုင်းတိုင်း အ‌နောက်မြောက်ပိုင်း ဟုမ္မလင်းနဲ့ ဖောင်းပြင်ကြားက စစ်ကောင်စီ တပ်စခန်း‌လေးခုကို ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်တွေက ဧပြီလ ၇ ရက်နေ့က တိုက်ခိုက်သိမ်းယူစဉ် ပျူစောထီး တစ်ရာကျော် လက်နက်ချခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ စစ်ကောင်စီတပ်သားတချို့ကိုတော့ ဟုမ္မလင်းအခြေစိုက် စစ်ကောင်စီလေတပ်ကနေ Mi-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်နဲ့ လာကယ်ထုတ်သွားတယ်လို့ ပြောပါတယ်။

ဟုမ္မလင်းနဲ့ ဖောင်းပြင်မြို့နယ်အစပ်က အင်ကြင်းမှော်၊ မနော်သာ၊ ကျွန်းကုန်း စတဲ့ ကျေးရွာတွေရှိ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၃၆၉) နဲ့ (၃၇၀) တပ်ရင်း လက်အောက်ခံစခန်းနှစ်ခု၊ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ ပျူစောထီးပူးပေါင်းစခန်းနှစ်ခု၊ စုစုပေါင်းအင်အား သုံးရာကျော်ရှိတဲ့ စခန်းလေးခုကို သိမ်းယူခဲ့တာပါ။ အဲဒီစခန်းသိမ်းတိုက်ပွဲမှာ ပျူစောထီး ၁၂၀ ခန့် လက်နက်ချခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီစခန်းတွေကို သိမ်းယူနိုင်တာကြောင့် ဟုမ္မလင်းနဲ့ ဖောင်းပြင်မြို့ကြားက ချင်းတွင်းမြစ်ကြောင်းကို ထိန်းချုပ်ထားနိုင်ပြီလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။

“အဲဒီတပ်စခန်းတွေက ဖောင်းပြင်နဲ့ ဟုမ္မလင်းကို ဆက်သွယ်ထားတာ။ ချင်းတွင်းမြစ် ရေကြောင်းကို လုံးဝ ထိန်းချုပ်လို့ရတဲ့ အနေအထားရှိတယ်။ ပြီးတော့ အဲဒီနေရာကနေပြီး ဖောင်ပြင်ထဲက တခြားရွာတွေကို ရန်ရှာနိုင်တဲ့ အနေအထား ရှိတယ်။ လောလောဆယ်တော့ အခုပြောတဲ့ လမ်းကြောင်းတွေကို ကာကွယ်ရေးတပ်ဘက် ထိန်းချုပ်ထားပြီလို့ ပြောလို့ရတယ်”

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ဧပြီလ ၁ ရက်နေ့ကတော့ အခုစခန်းသိမ်းယူခဲ့တဲ့ မနော်သာရွာမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံငါးဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ဖေဖော်ဝါရီလကုန်လောက်က စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ၂၈,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ဧပြီလ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org