တရားသူကြီးကို ချိန်ခွင်ပျက်ပေးတဲ့ ကချင်လူငယ် ထောင်သုံးလကျ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တရားခွင်တစ်ခုမှာ တရားသူကြီးကို ချိန်ခွင်ပျက်တခုပေးခဲ့သူ ကချင်လူငယ် ကိုပေါလုကို အဲဒီတရားရုံးက ထောင်ဒဏ် ၃ လ ချမှတ်လိုက်ပါတယ်။

ထောင်ဒဏ် ၃ လ ချမှတ်ခံရတဲ့ ကိုပေါလု ကို မြစ်ကြီးနားမြို့နယ်တရားရုံးမှာ ၂၀၁၉ စက်တင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ် Photo: Elizabeth/RFA

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တရားခွင်တစ်ခုမှာ တရားသူကြီးကို ချိန်ခွင်ပျက်တခုပေးခဲ့သူ ကချင်လူငယ် ကိုပေါလု ကို အဲဒီတရားရုံးက ထောင်ဒဏ် ၃ လ ချမှတ်လိုက်ပါတယ်။

တရားစီရင်ရေးဆောင်ရွက်နေတဲ့ ပြည်သူ့ဝန်ထမ်းကို စော်ကားနှောင့်ယှက်မှုရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၂၈ အရ အဲဒီလို ချမှတ်လိုက်တာပါ။ ဥပဒေအရဆိုရင်တော့ အမြင့်ဆုံးထောင်ဒဏ်က ၆ လ ဖြစ်ပါတယ်။

ကချင်ပြည်နယ်က စစ်ရှောင်ဒုက္ခသည်တွေရဲ့ ဘဝသရုပ်ဖော်ပြပွဲ ဖြစ်မြောက်ရေး ဦးဆောင်ခဲ့သူတဦးဖြစ်တဲ့ ကိုပေါလုဟာ အဲဒီပွဲကို ခွင့်ပြုချက်မတောင်းဘဲ ကျင်းပခဲ့မှုနဲ့ ထောင်ဒဏ် ၁၅ ရက် ချမှတ်ခံထားရသူလည်း ဖြစ်ပါတယ်။

ထောင်ဒဏ် ၁၅ ရက် ချမှတ်လိုက်တဲ့ စက်တင်ဘာလ ၂ရက်နေ့ တရားခွင်မှာ ကိုပေါလုက တရားစီရင်ရေးကို အယုံအကြည်မရှိကြောင်း ပြတဲ့အနေနဲ့ မြို့နယ်တရားသူကြီးကို ချိန်ခွင်ပျက်တခု ပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် တရားသူကြီးက တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့တာပါ။

အများရှေ့ တရားခွင်မှာ အစပြုခဲ့တဲ့ ဒီအမှုကို ရက်ပိုင်းအတွင်းမှာပဲ စစ်ဆေးပြီး စီရင်ချက်ချလိုက်တာ ဖြစ်ပါတယ်။

တရားခွင်အတွင်း ဒီလိုအပြုအမူဟာ ကြုံတောင့်ကြုံခဲဖြစ်ရပ်လို့ သိရပါတယ်။

ပထမအမှုမှာ သူနဲ့အတူ ထောင် ၁၅ ရက် ကျခံခဲ့ရသူကတော့ မဆိုင်းနူးပန် ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ဖြစ်ပွားတဲ့ ၈ နှစ်ပြည့် အထိမ်းအမှတ်နဲ့ ဒုက္ခသည်တွေ တင်ဆက်ဖျော်ဖြေတဲ့ ဒုက္ခသည်တွေရဲဘဝအကြောင်း သရုပ်ဖော် ပြဇာတ်ကို ဇွန်က မြစ်ကြီးနားမြိုဗိုလ်ချုပ်ကြေးရုပ်ပန်းခြံရှေ့နဲ့ ပြည်သူ့ရင်ပြင်မှာ ဦးဆောင်ကျင်းပသူတွေလို့ သိရပါတယ်။

အဲဒီပြဇာတ်ကျင်းပဖို့ ခွင့်ပြုချက်မတင်ခဲ့တာကြောင့်ဆိုတဲ့ စွဲချက်နဲ့ မြစ်ကြီးနား မြိုနယ် ယာယီရဲတပ်ဖွဲ့မှူး မင်းသန့်ဇော်က တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

(RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org