ကိုပေါလုနဲ့ မဆိုင်းနူးပန် အမှု ပြည်နယ်တရားလွှတ်တော်ကို အယူခံတင်မည်

စစ်ဘေးဒုက္ခသည်တွေအကြောင်း သရုပ်ဖော်ပြဇာတ် ဦးဆောင်ခဲ့တာကြောင့် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ကချင်လူငယ်နှစ်ဦးအမှုအယူခံကို ပြည်နယ်တရားလွှတ်တော်ကို ဆက်တက်သွားမယ်လို့ ရှေ့နေ ဦးမာခါးက ပြောပါတယ်။

စစ်ဘေးရှောင်ဘဝ သရုပ်ဖော်ရာမှာ ဦးဆောင်ခဲ့တဲ့ ကိုပေါလုနဲ့ မဆိုင်းနူးပန်တို့ကို ၂ဝ၁၉ စက်တင်ဘာ ၂ ရက်နေ့က မြစ်ကြီးနားထောင်ကို ပို့ဆောင်စဉ် Photo: Elizabeth/ RFA
စစ်ဘေးဒုက္ခသည်တွေအကြောင်း သရုပ်ဖော်ပြဇာတ်ကို ဦးဆောင်ခဲ့တာကြောင့် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ ထောင် ဒဏ် ၁၅ ရက် ချမှတ်ခံခဲ့ရတဲ့ ကချင်လူငယ် နှစ်ဦးအမှုအယူခံကို ကချင်ပြည်နယ် တရားလွှတ်တော်ကို ဆက်တက် သွားမယ်လို့ အမှုလိုက်တရားလွှတ်တော်ရှေ့နေ ဦးမာခါးက ပြောပါတယ်။

ကချင်စစ်ပွဲ ရှစ်နှစ်ပြည့်နေ့မှာ တေးသရုပ်ဖော် တင်ဆက်တာကို ဆန္ဒဖော်ထုတ်မှုဆိုပြီး အရေးယူတာဟာ ဥပဒေနဲ့ ညီညွတ်မှုမရှိတဲ့အပြင် လွတ်လပ်စွာထုတ်ဖော်တင်ပြခွင့်ကို ချိုးဖောက်ခံရတာကြောင့် အယူခံဆက်တက် မှာဖြစ်ကြောင်းလည်း ထောင်ဒဏ် ချမှတ်ခံခဲ့ရတဲ့ မဆိုင်းနူးပန်က မီဒီယာတွေကို ပြောဆိုထားပါတယ်။

ကချင်လူငယ်နှစ်ဦးဖြစ်တဲ့ ကိုပေါလုနဲ့ မဆိုင်းနူးပန်တို့ကို မြစ်ကြီးနားမြို့နယ် တရားရုံးက စက်တင်ဘာလ ၂ ရက်နေ့မှာ ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ ထောင်ဒဏ် ၁၅ ရက်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ ဟာ အမြင့်ဆုံး ထောင်ဒဏ် ၃ လ အထိ ကျခံရနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

မဆိုင်းနူးပန်ကတော့ ပြစ်ဒဏ်ကျခံရတဲ့ ရက်စေ့သွားတာကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့က ပြန်လည်လွတ်မြောက်လာပြီဖြစ်ပါတယ်။

တရားရုံးက ပြစ်ဒဏ်ချမှတ်အပြီး တရားခွင်မှာ ကိုပေါလုက တရားသူကြီးကို ကြိုးပြတ်နေတဲ့ ချိန်ခွင်ပေးခဲ့တာကြောင့် ပြည်သူ့ဝန်ထမ်းတစ်ဦး တရားစီရင်မှု ဆောင်ရွက်နေစဉ် စော်ကားနှောင့်ယှက်မှု ရာဇသတ်ကြီး ပုဒ်မ ၂၂၈ နဲ့ ထောင်သုံးလ ထပ်မံချမှတ်ခံထားရတာကြောင့် လွတ်မြောက်လာခြင်းမရှိသေးပါဘူး။

ရာဇသတ်ကြီး ပုဒ်မ ၂၂၈ နဲ့ ပြစ်ဒဏ်ချမှတ်ခံရတဲ့ ကိုပေါလုကိစ္စကိုလည်း ပြစ်ဒဏ်လျော့ပေါ့ပေးဖို့ အယူခံတင်သွားမယ်လို့ သိရပါတယ်။

ကိုပေါလုနဲ့ မဆိုင်းနူးပန်တို့ အမှုကိစ္စ ၂ ခုလုံးကို မြစ်ကြီးနားခရိုင်တရားရုံးကို မနေ့က တင်ပြရာမှာ တရားရုံးက ပယ်ချခဲ့တာကြောင့် ပြည်နယ်တရားလွှတ်တော်ကို အယူခံဆက်တက်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇွန် ၉ ရက်နေ့က စစ်ရှောင်မိဘတွေ၊ လူငယ်တွေက ၈ နှစ်အတွင်း သူတို့ခံစားခဲ့ရတဲ့ ခံစားချက်တွေကို မြစ်ကြီးနားမြို့ ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံရှေ့နဲ့ ပြည်သူ့ရင်ပြင်မှာ သရုပ်ဖော်တင်ဆက်ခဲ့တာကြောင့် ပြစ်ဒဏ် ချမှတ်ခံရတာဖြစ်ပါတယ်။

ပြီခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာလည်း တိုက်ပွဲကြား ပိတ်မိပြည်သူတွေလွတ်မြောက်ရေး ကြိုးပမ်းခဲ့တာကြောင့် ကချင်လူငယ် သုံးဦးကို အသေရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ မြစ်ကြီးနားမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လနဲ့ ငွေဒဏ် ၅ သိန်းစီချမှတ်ခဲ့ပါတယ်။

(RFA သတင်းထောက် အဲလိဇဘက်ဂျန်မာ ပေးပို့သည်)
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org