ဖောင်းပြင်မှာ ဒရုန်းဗုံးကြောင့် သုံးဦး သေဆုံး၊ ခုနစ်ဦး ဒဏ်ရာရ
ဖောင်းပြင်မြို့နယ်၊ အင်းသာရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၅ ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံသုံးဦး သေဆုံးပြီး၊ ခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2024-07-09 -
-
-
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ အင်းသာရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၅ ရက်နေ့မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံသုံးဦး သေဆုံးပြီး၊ နောက်ထပ် ခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၅၀ အရွယ် ဇနီးမောင်နှံနှစ်ဦးနဲ့ အသက် ၇၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့တာပါ။ ဒဏ်ရာရသူတွေထဲမှာတော့ ၈ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးငါးဦး ပါဝင်ပါတယ်။
ရွာထဲမှာ ထမင်း၊ ဟင်း ချက်ပြုတ်နေချိန် စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရွာထဲမှာ ထမင်း၊ ဟင်း ချက်ပြုတ်နေတဲ့အချိန်မှာ ဒရုန်းနဲ့ ချခံရတာ။ လင်းမယားနှစ်ယောက်နဲ့ နောက်ထပ် အမျိုးသမီးတစ်ယောက်ကတော့ ဗုံးစထိမှန်ပြီးပြီးချင်းပဲ ဆုံးသွားတယ်။ မြေပြင်ကနေ စစ်ကြောင်းထိုးလာတာဆိုရင် ကြိုရှောင်လို့ရတယ်။ အခုဟာက ဝေဟင်ကနေ ဒရုန်းနဲ့ လာတာဆိုတော့ ဗုံးချတဲ့အချိန်မှ ဒရုန်းဝဲနေတာ သိရတယ်”
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာလည်း ဇူလိုင်လ ၇ ရက်နေ့က စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားသုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်မှာလည်း စစ်ကောင်စီတပ်က ဇူလိုင်လ ၆ ရက်နေ့မှာ ဒရုန်းယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ရွာပေါင်းလေးရွာက နေအိမ်တချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တစ်နိုင်ငံလုံးအနှံ့ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေမှာ စစ်ကောင်စီက အဆင့်မြင့် ဒရုန်းတွေ အသုံးပြုတိုက်ခိုက်မှု များလာပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုလည်း မြင့်တက်လာတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောထားပါတယ်။