ပေါက်မှာ ဒေသခံ နှစ်ဦး သတ်ဖြတ်ခံရပြီး ၁၇ ဦး ဖမ်းဆီးခံရ

ပေါက်မြို့နယ် ဒီးဒုတ်ကွင်းရွာနဲ့ ရန်ကင်းရွာအနီးက စစ်ဘေးဒုက္ခသည်စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံ နှစ်ဦးကို သတ်ဖြတ်ခဲ့ပါတယ်။

ပေါက်မြို့နယ်အတွင်း စစ်ကောင်စီမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်နေ့က တွေ့ရစဉ်။ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဓာတ်ပုံ

မကွေးတိုင်း ပေါက်မြို့နယ် ဒီးဒုတ်ကွင်းရွာနဲ့ ရန်ကင်းရွာအနီးက စစ်ဘေးဒုက္ခသည်စခန်းကို အောက်တိုဘာလ ၂၈ ရက်နေ့မှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံ နှစ်ဦးကို သတ်ဖြတ်ခဲ့သလို အရပ်သား ၁၇ ဦးကိုလည်း စစ်ကြောင်းနဲ့အတူ ဖမ်းခေါ်သွားတယ်လို့ ပေါက်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ပေါက်မြို့နယ် အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄) ကထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေက စီးနင်းခဲ့တာဖြစ်ပြီး အသက် ၄၀ အရွယ် ဦးဌေးအောင်နဲ့ ဦးသန်းစိန်တို့နှစ်ဦး သတ်ဖြတ်ခံခဲ့ရတာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“ဦးဌေးအောင်ကတော့ စစ်ကြောင်းမှာပဲ လမ်းမှာ ပစ်သတ်ခဲ့တယ်ဗျ။ ဦးသန်းစိန်ဆိုတဲ့ သူကတော့ ဒီနေအိမ်မှာပေါ့။ စစ်ဘေးရှောင်နေအိမ်မှာ မီးရှို့သတ်သွားတာ။ အဖမ်းခံရတာတော့ ၁၇ ဦးအထိ ရှိပါတယ်ဗျ။ နောက်ပြီးတော့ သံဃာတော် တစ်ပါးပါတယ်။ သံဃာတော်တစ်ပါးကတော့ ဒီစစ်ဘေးရှောင် တစ်နေရာမှာပဲ လူဝတ်လဲပြီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်ဗျ”

ဖမ်းဆီးခံရသူတွေထဲမှာ နာမည်စာရင်း ရရှိထားသူတွေက ဦးမိုး၊ ဦးမိုးညို၊ ကိုငချမ်း၊ ကိုလှညို၊ မဇင်မာဦး၊ ဦးစိုးဝင်း၊ ဦးမောင်အေး၊ ဒေါ်သီတာထွေး၊ ဦးမိုးဒီ၊ ဦးဖိုးချော၊ ဦးငဦး၊ ဦးသန်းမြိုင်၊ ဦးတင်မောင်ဆွေနဲ့ ကိုရဲလင်းနိုင်တို့ ဖြစ်ပြီး သူတို့အားလုံးကို ဒီးဒုတ်ကွင်းရွာကို ဖမ်းခေါ်သွားတယ်လို့ ဆိုပါတယ်။

စစ်ဘေးဒုက္ခသည်စခန်းကို ဝင်ရောက်စီးနင်းချိန်မှာ ထွက်ပြေးခဲ့သူ လေးဦးကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် လေးဦးလုံးဒဏ်ရာရခဲ့ပြီး တစ်ဦးကတော့ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ ဝင်ရောက်စီးနင်းချိန် စစ်ရှောင်တဲ ခုနှစ်လုံးနဲ့ ဆေးပေးခန်းတစ်ခုကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့မှာပဲ စစ်ကောင်စီတပ်စစ်ကြောင်းကို ပေါက်မြို့နယ်နဲ့ ပခုက္ကူမြို့နယ် အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီးဒုတ်ကွင်းရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ဆယ်ဦး သေဆုံးခဲ့ပြီး လက်နက် လေးလတ် သိမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ ဒီတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးလည်း သေဆုံးတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့ကလည်း ပေါက်မြို့နယ်၊ ခင်ရှည်ရွာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သား နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org