ပေါက်မြို့ ချိုင်ဇောက် အထက်နဲ့အောက် ရွာတွေက နေအိမ် ၆၆ လုံးခန့် မီးရှို့ခံရ
မကွေးတိုင်း ပေါက်မြို့နယ် အရှေ့မြောက်ပိုင်းက အထက်ချိုင်ဇောက်နဲ့ အောက်ချိုင်ဇောက် ရွာနှစ်ရွာကို ဩဂုတ် ၁၆ ရက် မနေ့ နေ့လယ် ၁ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် ၆၆ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2022-08-17
-
-
-
မကွေးတိုင်း ပေါက်မြို့နယ်မှာ ၂၀၂၂ ခုနှစ် ဩဂုတ် ၁၆ ရက်နေ့မှာ မီးရှို့ခံရသည့် အိမ်များကို တွေ့ရစဥ်
Photo: Citizen Journalist
မကွေးတိုင်း ပေါက်မြို့နယ် အရှေ့မြောက်ပိုင်းက အထက်ချိုင်ဇောက်နဲ့ အောက်ချိုင်ဇောက် ရွာနှစ်ရွာကို ဩဂုတ် ၁၆ ရက် မနေ့ နေ့လယ် ၁ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် ၆၆ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်မြို့နယ် ရှားစေးချက်ရွာ ဘက်ကနေ ရောက်လာတဲ့ စစ်ကြောင်းဟာ ချိုင်ဇောက်ရွာနား အရောက်မှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ၄၅ မိနစ်ခန့် တိုက်ပွဲဖြစ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ပြီးနောက်မှာ စစ်ကောင်စီတပ်သားတွေ ရွာထဲဝင်ပြီး မီးရှို့သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ချိုင်ဇောက် အထက်စုက နေအိမ် ၅၀ လောက်နဲ့ အောက်စုက ၁၆ လုံးလောက် ပါသွားတယ်။ စစ်ကောင်စီတပ်တွေ နေပြည်တော် စီမံချက်ဆိုလား ဆင်းလာတယ်ပြောတယ်။ အဲအထဲက စစ်ကြောင်းက ဝင်ရှို့သွားတာ"
အဲဒီစစ်ကြောင်းမှာ အင်အား သုံးရာကျော်လောက် ပါဝင်သလို လက်ရှိ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်တွေက ရွာတွေကို စစ်ကြောင်းထိုးနေပြီး ဝင်ရောက် မီးရှို့တာတွေ လုပ်နေတာလို့ ဆိုပါတယ်။
အောက်ချိုင်ဇောက်ရွာမှာ အိမ်ခြေ ၁၇၀ ခန့်ရှိသလို အထက်ချိုင်ဇောက်ရွာမှာ အိမ်ခြေ ၁၈၀ ခန့်ရှိပြီး လက်ရှိမှာတော့ ဒေသခံတွေအားလုံး ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
ဒေသခံတွေပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုလို့ မရရှိသေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်နဲ့ ၁၂ ရက်နေ့ကလည်း ပေါက်မြို့နယ် ရေထွက်ရွာနဲ့ ရှားစေးချက် ရွာတွေကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် ၄၇ လုံး မီးလောင် ပျက်စီးခဲ့သလို ရှားစေးချက်ရွာသားတစ်ဦးလည်း ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။