ပုသိမ်ကျောင်းသား ၇ ဦး အသရေဖျက်မှုနဲ့ အမှုပြန်ရင်ဆိုင်ရ
တရားရှင်လွတ်မြောက်နေတဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့က ကျောင်းသား ၇ ဦးကို အသရေဖျက်မှုနဲ့ အမှုပြန်ရင်ဆိုင်ဖို့ ပုသိမ်ခရိုင်တရားရုံးက ဒီကနေ့ အမိန့်ချလိုက်ပါတယ်။
-
2017-08-01 -
-
-
တရားရှင်လွတ်မြောက်နေတဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့က ကျောင်းသား ၇ ဦးကို အသရေဖျက်မှုနဲ့ အမှုပြန်ရင်ဆိုင်ဖို့ ပုသိမ်ခရိုင်တရားရုံးက ဒီကနေ့ အမိန့်ချလိုက်ပါတယ်။
တရားလိုဘက်က ခရိုင်တရားရုံးကို ပြင်ဆင်ချက်တင်တဲ့အခါမှာ မြို့နယ်တရားရုံးကို တင်တဲ့အတိုင်းမဟုတ်ဘဲ အမှုကိုပြန်လည်ပြင်ဆင်ပြီး တင်ခဲ့တဲ့အတွက် တရားသူကြီးက စွဲချက်တင်သင့်တယ်ဆိုပြီး အမိန့်ပြန်ချခဲ့ တာဖြစ်တယ်လို့ တရားစွဲဆိုခံရတဲ့ ကိုအောင်ခန့်ဇော် က ပြောပါတယ်။
"တရားလိုက စစွဲဆိုတဲ့ ဦးတိုက်လျှောက်လွှာမှာကတည်းက ပြဇာတ်တစ်ခုလုံး မဟုတ်ဘဲနဲ့ ပြဇာတ် မှာပြောတဲ့ စကားလုံးတချို့ပေါ့၊ အဲစကားလုံးကြောင့်ဆိုပြီးတော့ စွဲချက်တင်ခဲ့တာဖြစ်တယ်၊ ဒါပေမဲ့ ဒီတရားလို ကိုယ်တိုင်ကပဲ ခရိုင်ရုံးကို ပြင်ဆင်ချက်တင်တဲ့အခါမှာကျတော့ သူက ဒီအမှုကို ပြင်ဆင် ထားပြီးတော့ ဒီပြဇာတ်တစ်ခုလုံး ပူးပေါင်း ကကြတာဖြစ်တယ်ဆိုပြီးတော့ ကျန်တဲ့သူတွေပြောတဲ့ စကားလုံးအသုံးအနှုန်းတွေကိုပါထည့်ပြီးတော့ ပြင်ဆင်ချက်တင်တဲ့အခါမှာတော့ ခရိုင်တရားရုံး ကနေပြီးတော့ စွဲချက်ပြန်လည်တင်သင့်တယ်ဆိုပြီးတော့ အမိန့်ပြန်ချခဲ့တာဖြစ်တယ်၊ ၉ ဦးလုံး ပြန် ပြီးတော့ အမှုရင်ဆိုင်ရမယ်"
အနောက်တောင်တိုင်းစစ်ဌာနချုပ်က အသရေဖျက်မှုနဲ့ ကျောင်းသား ၉ဦးကို တရားစွဲဆိုထားတဲ့အမှုမှာ ပုသိမ်မြို့နယ် တရားရုံးက ကျောင်းသား ၇ ဦးကို တရားရှင်လွှတ်ပေးထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလတုန်းက တရားလိုတင်ပြထားတဲ့ တရားစွဲဆိုရတဲ့ အဓိကအကြောင်းအရင်း စာသားတွေကို သရုပ်ဆောင်ခဲ့တဲ့ ကိုအောင်ခန့်ဇော်နဲ့ ကိုမြတ်သူထက်တို့ ၂ ဦးကိုသာ ပုသိမ်မြို့နယ်တရားရုံးက ပုဒ်မ ၅၀၀ နဲ့ ဆက်လက်စွဲချက်တင်ခဲ့ပြီး ကျန်တဲ့ ၇ ဦးကို တရားရှင်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အခု ပြန်လည်ပြင်ဆင်ရာမှာ အဲဒီပြဇာတ်တစ်ခုလုံးမှာ ပြောဆိုခဲ့တဲ့ စကားလုံးအသုံးအနှုန်းတွေကို ထည့်သွင်းတင်ပြခဲ့တဲ့အတွက် တရားရှင်နဲ့ လွတ်မြောက်နေသူ ၇ ဦးလည်း အမှုပြန်ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့က ပုသိမ်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲမှာ စစ်ပွဲတွေ အလိုမရှိကြောင်း ပြဇာတ်ကပြဖျော်ဖြေခဲ့ရာမှာ သုံးနှုန်းတဲ့စကားလုံး အသုံးအနှုန်းတွေဟာ တပ်မတော်ကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေတယ်ဆိုပြီး ဒုတိယဗိုလ်မှူးကြီး တစ်ဦးက တရားလိုလုပ်ကာ တရားစွဲထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီပွဲကို လူမှုကွန်ရက်မှာ Live လွှင့်ခဲ့တဲ့ ဦးထွန်းထွန်းဦး ဆိုသူကို တရားလိုဘက်က ပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုထားတာကို ပုသိမ်မြို့နယ်တရားရုံးက အာမခံပေးထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း အာမခံ မပေးသင့်ကြောင်း ခရိုင်တရားရုံးကို အယူခံဝင်ထားတာ ဖြစ်ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး အချက်အလက် မပြည့်စုံတာကြောင့် ခရိုင်တရားရုံးက အယူခံကို ပလပ်လိုက်တဲ့အတွက် မြို့နယ်တရားရုံး အမိန့်ချထားတဲ့အတိုင်း ဦးထွန်းထွန်းဦး က အာမခံဆက်လက်ရရှိခဲ့တယ်လို့လည်း ကိုအောင်ခန့်ဇော် က ပြောပါတယ်။