အချိုးကျ ကိုယ်စားပြု စံနစ်အကြောင်း ဆွေးနွေးမည်
ဒီမိုကရေစီ မိတ်ဆွေဆယ်ပါတီက စုပေါင်းတင်ပြထားတဲ့ အချိုးကျ ကိုယ်စားပြု စံနစ်အကြောင်း ဆွေးနွေးဖို့အတွက် ပါတီတစ်ခုစီက ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး သို့မဟုတ် ဗဟို အလုပ်အမှုဆောင်တစ်ဦး တက်ရောက်ဖို့ ပြည်ထောင်စု ရွေးချယ် တင်မြှောက်ပွဲ ကော်မရှင်က ဖိတ်ကြားထားကြောင်း သိရပါတယ်။
-
2012-07-25 -
-
-
ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ အတွင်းရေးမှူး ဒေါက်တာ ဝင်းနိုင်က အခုလို ပြောဆိုပါတယ်။
"ရွေးချယ်တင်မြှောက်ပွဲ ကော်မရှင်ကို ကျွန်တော်တို့ တစ်ပါတီကို နှစ်ယောက်ပေါ့။ ပါတီဥက္ကဋ္ဌတွေ၊ အတွင်းရေးမှူးတွေကို သူတို့ဖိတ်တယ်။ ၁၀ ပါတီပေါ့။ ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီ။ အဓိကကတော့ ရွေးကောက်ပွဲစနစ်နဲ့ ပတ်သက်ပြီးတော့ ရှင်းပြဖို့၊ ရှင်းလင်းဆွေးနွေးဖို့ပေါ့လေ။ အဲတာလေး သူတို့ဖိတ်ခေါ်ထားတာပါ။ သောကြာနေ့ပေါ့။ ၂၇ ရက်နေ့မှာ သူတို့လုပ်မယ်။ မနက် ၁၀ နာရီပေါ့။ ကော်မရှင်ဆိုတော့ နေပြည်တော်မှာ လုပ်မှာပါ။ အမှန်ကတော့ ဒီဘက်ကတော့ ကျွန်တော်တို့ဆီက ပါတီခေါင်းဆောင် ဒေါက်တာ သန်းငြိမ်းနဲ့ အတွင်းရေးမှူး (၁) ပေါ့၊ ဦးကြည်သန်း သွားလိမ့်မယ်။ ကျွန်တော်တော့ မသွားနိုင်ဘူး။ ဒီမှာ အလုပ်များလို့လေ။ ဇူလိုင်လ ၂၀ ရက်နေ့ နေ့စွဲနဲ့ ဖိတ်တာပါ"
အဲ့ဒီ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ဒီမိုကရေစီ မဟာမိတ်ဆယ်ပါတီရဲ့ ညှိနှိုင်း အစည်းအဝေးကိုလည်း အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီဌာနချုပ်မှာ မနေ့က ပြုလုပ် ပြီးစီးခဲ့တယ်လို့သိရပါတယ်။
လက်ရှိ ရွေးကောက်ပွဲစံနစ်မှာ အနိုင်ရသူကို မထောက်ခံခဲ့တဲ့ မဲဆန္ဒရှင်များအတွက် ကိုယ်စားပြုမှု မရှိတာရယ်၊ အဲဒီ မဲဆန္ဒရှင်များရဲ့မဲတွေ အလဟဿ ဖြစ်သွားတာရယ် တို့ကြောင့် အချိုးကျ ကိုယ်စားပြု ရွေးချယ်တင်မြှောက်တဲ့ စံနစ်ကို အဆိုပြုရခြင်း ဖြစ်တယ်လို့လည်း ဒေါက်တာ ဝင်းနိုင်က ပြောပြသွားပါတယ်။