ပုလဲမှာ လူနှစ်ဆယ်ကျော် ဖမ်းဆီးခံရပြီး လေးဦး သတ်ဖြတ်ခံရ

ပုလဲမြို့နယ် ရွာသစ်ရွာက ဒေသခံ ၂၃ ဦးကို အင်းမထီးရွာအခြေစိုက် စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားပြီး အဲဒီအထဲက လေးဦးသတ်ဖြတ်ခံလိုက်ရပါတယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ရွာသစ်ရွာတွင် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအဖွဲ့ဝင်များမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်လည်လွတ်မြောက်လာသူများအား ၂၀၂၄ ခုနှစ်၊ မေလ ၂၇ ရက်နေ့က တွေ့ရစဉ်။ ကိုနေမင်း

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ရွာသစ်ရွာက ဒေသခံ ၂၃ ဦးကို အင်းမထီးရွာအခြေစိုက် စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားပြီး အဲဒီအထဲက လေးဦးသတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက မေလ ၂၈ ရက်နေ့မှာ ပြောပါတယ်။

မေလ ၂၄ ရက်နေ့မှာ ရွာသစ်ရွာက ဒေသခံတွေ စိုက်ပျိုးရေးလုပ်ငန်းခွင်ဝင်ဖို့နဲ့ ထင်းခုတ်ဖို့သွားကြချိန်မှာ ရွာသစ်ရွာနဲ့ နှစ်မိုင်ခန့်ဝေးတဲ့ အင်းမထီးရွာက စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေရောက်လာပြီး ဒေသခံ ၂၃ ဦးကို အင်းမထီးရွာဆီ ဖမ်းခေါ်သွားခဲ့တာလို့ ဆိုပါတယ်။

မေလ ၂၇ ရက်နေ့မှာတော့ ဖမ်းဆီးခံထားရသူတွေထဲက ဒေသခံ ၁၉ ဦးကိုပြန်လွှတ်ပေးခဲ့ပြီး လေးဦးကတော့ ဖမ်းဆီးခံထားရစဉ် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၅၀ အရွယ် ဦးကျော်ခိုင်၊ အသက် ၂၅ နှစ်အရွယ် ကိုတင့်ဇော်ဦး၊ အသက် ၃၀ အရွယ် ကိုထွန်းနိုင်၊ အသက် ၂၄ နှစ်အရွယ် ကိုထွန်းနိုင်လင်းတို့ ဖြစ်ကြပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုလဲဒေသခံတစ်ဦးကတော့ အင်မထီးရွာထဲ ဖမ်းဆီးချုပ်နှောင်ခံထားရစဉ် သတ်ဖြတ်ခံရတာဖြစ်ပြီး ပြန်လွတ်လာသူတွေကလည်း ပြင်းပြင်းထန်ထန် နှိပ်စက်ခံထားရတယ်လို့ ပြောပါတယ်။

“တောင်ယာထဲသွားကြတဲ့အချိန် အဖမ်းခံရတာ။ သူတို့စီးသွားတဲ့ ကားလည်း မီးရှို့ဖျက်ဆီးခံလိုက်ရတယ်။ အသတ်ခံလိုက်ရတဲ့အထဲ ထွန်းနိုင်က အင်မထီးရွာသား၊ ပျူထဲမဝင်ချင်လို့ ရွာကနေထွက်ပြေးနေတာကြာပြီ။ အခု အဖမ်းခံလိုက်ရပြီး အသတ်ခံလိုက်ရတာပေါ့။ ပြန်လွတ်လာသူတွေလည်း ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေရှိတော့ အခု ဆေးကုနေကြတယ်”

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်မှုပြင်ပဖြစ်နေတာကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ၂၀၂၄ ခုနှစ် မေလ ၂၇ ရက်နေ့အထိ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ ငါးထောင်ကျော် (၅,၁၄၈ ဦး) သတ်ဖြတ်ခံခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org