ပခုက္ကူ အကျဉ်းထောင်က အကျဉ်းသား ၄၁ ဦး လွတ်မြောက်
မကွေးတိုင်း ပခုက္ကူ အကျဉ်းထောင်ကနေ ဇန်နဝါရီ ၂၄ ရက် မနေ့က အမိန့်မချရသေးတဲ့ အကျဉ်းသား ၄၁ ဦး လွတ်မြောက်တယ်လို့ ပြန်လွတ်လာသူတွေနဲ့ ပခုက္ကူဒေသခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြရာကနေ အဖမ်းခံထားရသူတွေ ပြန်လွတ်လာ တာလို့ မနေ့က ပြန်လွတ်လာသူ တစ်ယောက်က RFA ကို ပြောပါတယ်။
“ထောင်မကျခဲ့ပါဘူးဗျ။ အချုပ်သားနဲ့ နေခဲ့ရတယ်။ စစ်ပြီးတော့မှ လွှတ်လိုက်တာ။ ထောင်ထဲကနေပြီး အမှုရင်ဆိုင်ရတာ စုစုပေါင်း ၄၁ ဦး။ တရားရုံးက စစ်ပြီးတော့မှ အပြစ်မရှိလို့ဆိုပြီး လွှတ်ပေးတယ်။ ၅၀၅ (က) နဲ့ စွဲတယ်။ တရားရုံးက ထောင်ဘယ် လောက် ကျခံစေဆိုပြီး မချခဲ့ပါဘူး”
လွတ်မြောက်လာသူတွေအနေနဲ့ ခုလိုလွှတ်ပေးလိုက်လို့ ခန်ဝံကတိလက်မှတ်ထိုးခဲ့ရတာမျိုး မရှိခဲ့ဘူးလို့လည်း ပြောပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၂၈ ရက်က ပခုက္ကူမြို့ ထင်းတန်းလမ်း သပိတ်ဖြို ခွင်းခံရတဲ့အထဲမှာ အဖမ်းခံခဲ့ရတဲ့သူတွေ ပါဝင်ပြီး တချို့လည်း ဆန္ဒပြတဲ့သူတွေရဲ့ အနီးနားရှိနေတုန်း အဖမ်းခံခဲ့ရသူတွေပါ ပြန်လွတ်မြောက်လာတယ်လို့ ပြောပါတယ်။
ပခုက္ကူအကျဉ်းထောင်ကနေ အကျဉ်းသားတွေ ပြန်လွှတ်ပေးတာနဲ့ပတ်သက်ပြီး အကျဉ်း ဦးစီးဌာနက သတင်းထုတ်ပြန်တာ မတွေ့ရသေးသလို စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို အတည်ပြုနိုင်ဖို့ ဆက်သွယ်မေးမြန်းဆဲဖြစ်ပါတယ်။
တစ်ခြားအကျဉ်းထောင်တွေကလည်း ခုလိုလွှတ်ပေးတာမျိုးတွေ ရှိသလားဆိုတာ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန် ၃၀ ရက်က တစ်နိုင်ငံလုံးက အကျဉ်းထောင်အသီးသီးကနေ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတုန်းကလည်း ပခုက္ကူအကျဉ်းထောင်က ၁၄ ဦး လွတ်မြောက် ခဲ့တယ်လို့ ပြောပါတယ်။