ပတ်ဂျာဆန်အဖွဲ့ တိုက်ခိုက်ခံရမှု မြစ်ကြီးနားမှာ လူငါးထောင်ကျော် ဆန္ဒပြ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးနဲ့ ကန်ပိုက် တီဒေသက ဘိန်းစိုက်ခင်းတွေကို သွားရောက် ဖျက်ဆီးတဲ့ ပတ်ဂျာဆန် ကချင်လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ တိုက်ခိုက် ခံရတာကို မကျေနပ်တဲ့ ကချင်တိုင်းရင်းသား ၅ထောင်ကျော်က မြစ်ကြီးနားမြို့မှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

Pat Jasan ပတ်ဂျာဆန်အဖွဲ့ တိုက်ခိုက်ခံရတာကို မကျေနပ်တဲ့အတွက် မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဆန္ဒပြကြစဉ် Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးနဲ့ ကန်ပိုက်တီဒေသက ဘိန်းစိုက်ခင်းတွေကို သွားရောက်ဖျက်ဆီးတဲ့ ပတ်ဂျာဆန် ကချင်လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ တိုက်ခိုက်ခံရတာကို မကျေနပ်တဲ့ ကချင်တိုင်းရင်းသား ၅ထောင်ကျော်က မြစ်ကြီးနားမြို့မှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ပတ်ဂျာဆန် (Pat Jasan) လို့ခေါ်တဲ့ ကချင်လူမှုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးလုံဂျုံတူးရော်က ဆန္ဒပြသူတွေနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

"Pat Jasan အဖွဲ့က ပြည်နယ်အစိုးရနဲ့ တိုင်ပင်နေဆဲမှာ ပြည်နယ်လူထုက လူနာတွေကိုကြည့်ပြီးတော့မှ သူတို့စိတ်လှုပ်ရှားပြီး ဆန္ဒပြနေတဲ့အပိုင်းဖြစ်ပါတယ်၊ အဲ့ဒါကြောင့်မို့ ကျနော်တို့က မဖြစ်သင့်တာတွေ မဖြစ်အောင်ဆိုပြီး အခုလာပြီးတော့ သူတို့ကို မြန်မြန်ဆန်ဆန်ရုပ်သိမ်းဖို့ ကျနော်တို့ လာပြီးတိုက်တွန်းနေ တာဖြစ်ပါတယ်"

ဆန္ဒပြသူတွေဟာ ကချင်ပြည်နယ်အစိုးရ အဖွဲ့ရုံးရှေ့ကဖြတ်ပြီး ပြည်သူ့ဆေးရုံကြီးဘက်ကိုအသွားမှာ ရဲတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တားဆီးခြင်းကို ခံခဲ့ရပါတယ်။  ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ တားဆီးတာဖြစ်ပြီး ခွင့်ပြုထား တဲ့ သတ်မှတ်လမ်းကြောင်းအတိုင်း သတိပေးခဲ့တယ်လို့ သိရပါတယ်။

မနေ့က တိုက်ခိုက်ခံခဲ့ရတဲ့ ဘိန်းခင်းဖျက်ဆီးရေးအဖွဲ့က ဒဏ်ရာရရှိသူအများစုနဲ့ အဲ့ဒီဘိန်းခင်းဖျက်ဆီးရေးအဖွဲ့ က  ဝေမိုးကျေးရွာမှာ ဘိန်းစိုက်တောင်သူတွေလို့ ယူဆရတဲ့ ရွာသား ၂၁ ယောက်ကို ရိုက်နှက်ဖမ်းဆီးခဲ့လို့ အဲ့ဒီထဲကတချို့အပါအဝင် ဒဏ်ရာရရှိသူအားလုံးပေါင်း ၃၇ ယောက်ဟာ လက်ရှိ မြစ်ကြီးနားဆေးရုံမှာ ကုသခံနေရပါတယ်။

လတ်တလော တိုက်ခိုက်ခံထားရအတွက် လက်ရှိအချိန်မှာ ဘိန်းဖျက်ဆီးရေးလုပ်ငန်းတွေကို ရပ်နားထားပြီး အဖွဲ့အားလုံးဟာ ဆဒုံးမြို့မှာ စခန်းချနေကြပါတယ်။

ဒီကနေ့ညနေပိုင်းမှာ ဘိန်းခင်းတိုက်ဖျက်ရေး အဖွဲ့ခေါင်းဆောင်တွေဟာ ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးတာဝန်ရှိသူတွေနဲ့ ဘိန်းခင်းတွေ ဆက်လက်ဖျက်ဆီးနိုင်ရေးအတွက် ဆွေးနွေးနေကြပါတယ်။

ကချင်လူမှုအခြေပြု ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့ဟာ အစိုးရရဲ့ လုံခြုံရေးစီမံပေးမှုနဲ့ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၂၃ ရက်နေ့ကစပြီး အဖွဲ့ကြီး ၆ ဖွဲ့၊ အဖွဲ့ငယ် ၂၆ဖွဲ့ခွဲကာ ဘိန်းခင်းဖျက်ဆီးရေးတွေ ကို ဆောင်ရွက်နေချိန်မှာ မနေ့က တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org