ပိုင်ရှင်မဲ့စပါးစိုက်ခင်း ဧက ၃သောင်းခွဲကို ရိတ်သိမ်းမည်

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြတဲ့ အတွက် ရိတ်သိမ်းသူမရှိဖြစ်နေတဲ့ ပိုင်ရှင်မဲ့ စပါးဧကပေါင်း ၃ သောင်းခွဲခန့်ရှိပြီး အဲဒီစပါးတွေကို ရိတ်သိမ်းနိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေတယ်လို့ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင် ကပြောပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောဒေသက စပါးခင်းများကို တွေ့ရစဉ် Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြတဲ့အတွက် ရိတ်သိမ်းသူမရှိဖြစ်နေတဲ့ ပိုင်ရှင်မဲ့ စပါးဧကပေါင်း ၃ သောင်းခွဲခန့်ရှိပြီး အဲဒီစပါးတွေကို ရိတ်သိမ်းနိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေတယ်လို့ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင် ကပြောပါတယ်။

ပိုင်ရှင်မဲ့ဖြစ်ပြီး ရင့်မှည့်နေတဲ့ဆန်စပါးခင်းတွေ အားလုံးအချိန်မီရိတ်သိမ်းနိုင်ရေးအတွက် ပြည်နယ်တွင်းက စိတ်ပါဝင်စားတဲ့ ကုမ္ပဏီတွေကိုပါ ဖိတ်ခေါ်သွားဖို့ အစီအစဉ်ရှိတယ်လို့ ဝန်ကြီး ဦးမင်းအောင် ကပြောပါတယ်။

"ဧကအားလုံး ၆ သောင်း ၇ သောင်း လောက်ရှိတဲ့အထဲမှာ ပိုင်ရှင်မဲ့နေတာ ၃ သောင်းခွဲလောက် ရှိတာပေါ့။ ဧက ၃ သောင်းခွဲကို ရိပ်တဲ့အခါ မီဖို့အနေအထားတောင် တော်တော်အခက်အခဲဖြစ်နေ တယ်။ ၂ သောင်းခွဲလောက်ပဲ ပြီးနိုင်မလား ဘယ်လောက်ပြီးနိုင်မလဲ ဆိုတာမသေချာဘူး။ ဒီမှာနိုင်နိုင် နင်းနင်းဖြစ်မလား၊ မဖြစ်မလား။ ကျနော်တို့ အစိုးရအဖွဲ့ရော နောက်ပြီးတော့ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်အသင်း စသဖြင့်ပေါ့။ အဲ့ဒါတွေကို ပြည်နယ်အစိုးရအဖွဲ့အနေနဲ့လည်း ပြည်နယ်တွင်း ကကော ရိတ်ပေးနိုင်မယ့် ကုမ္ပဏီရှိလား အဲ့ဒါတွေ သတင်းစာမှာ ထည့်ကြော်ငြာဖို့လို့ပြောထားတယ်"

မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေက ရင့်မှည့်နေတဲ့ စပါးခင်းတွေကို ရိတ်သိမ်းနိုင်ရေး အတွက် ဆန်စပါးအသင်းချုပ်နဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ညှိနှိုင်းနေရာမှာ ပိုင်ရှင်ရှိပြီး ရိတ်သိမ်းဖို့ ခက်ခဲနေတဲ့ စပါးခင်းတွေကို ဆန်စပါးအသင်းချုပ်က တာဝန်ယူဆောင်ရွက်ပေးပြီး ပိုင်ရှင်မဲ့စပါးခင်းတွေကို အစိုးရဘက် ကဆောင်ရွက်ဖို့ အကြမ်းဖျဉ်းသဘောတူထားတယ်လို့ သိရပါတယ်။

ရိတ်သိမ်းဖို့ ခက်ခဲနေတဲ့ စပါးခင်းတွေထဲမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ် ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားပြီး ပိုင်ရှင်မဲ့ဖြစ်နေတဲ့ မွတ်စလင်တွေရဲ့ စပါးခင်းတွေလည်း ပါဝင်သလို ရခိုင်၊ မြို၊ ဒိုင်းနက် စတဲ့ တိုင်းရင်းသားတွေရဲ့ စပါးခင်းတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က စပါးခင်းတွေရိတ်သိမ်းဖို့ ရိတ်သိမ်းခြွေလှေ့စက်တွေကို စစ်တွေမြို့ ကို ပို့ဆောင်ထားပြီး လိုအပ်ပါက ရိတ်သိမ်းခြွေလှေ့ပြီးတဲ့ စပါးတွေကို ကော်မတီအဖွဲ့နဲ့ ဈေးနှုန်း သတ်မှတ်ပြီး ဝယ်ယူသိုလှောင်ဖို့လည်း အစိုးရထံ တင်ပြထားတယ်လို့ သိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးစီမံကိန်း အကောင် ထည်ဖော်ရမှာ လယ်ယာကဏ္ဍ၊ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က ငွေကျပ် ဘီလီယံ ၅၀ ခန့်ရင်းနှီးမြုပ်နှံပြီး ၃ နှစ်အတွင်း ဆောင်ရွက်သွားဖို့ ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ် အစိုးရထံ တင်ပြထားတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org