ပေါက်မြို့နယ်တောင်ပိုင်းက ဒေသခံ တစ်ထောင့်ငါးရာကျော် ထွက်ပြေးနေရ
မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်းရွာတွေဖြစ်တဲ့ ဇရွေးဂုံ၊ တောင်မြင့်၊ ကျားပြစ်ကန်၊ ပန်းတော်ကန် စတဲ့ ရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက တိုက်ပွဲမရှိဘဲ အင်အားသုံး စစ်ကြောင်းထိုးလာတာကြောင့် အရပ်သားပြည်သူ ၁၅ဝဝ ကျော်လောက် တောတွေထဲ ဝင်ရောက်ပုန်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
-
အောင်သိင်္ခ(ဝါရှင်တန်ဒီစီ)
2023-01-25 -
-
-
မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်း ရွာတွေဖြစ်တဲ့ ဇရွေးဂုံ၊ တောင်မြင့်၊ ကျားပြစ်ကန်၊ ပန်းတော်ကန် စတဲ့ ရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက တိုက်ပွဲမရှိဘဲ အင်အားသုံး စစ်ကြောင်းထိုးလာတာကြောင့် အရပ်သားပြည်သူ ၁၅ဝဝ ကျော်လောက် တောတွေထဲ ဝင်ရောက်ပုန်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ပျူစောထီးတွေဟာ ဇန်နဝါရီလ ၂၂ ရက်နေ့လောက်ကစလို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး အိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဇန်နဝါရီ ၂၅ ရက်နေ့မှာတော့ ရွာတွေထဲ ဝင်ရောက်ပစ်ခတ်တာကြောင့် သက်ကြီးရွယ်အိုတွေ ကလေးငယ်တွေပါ ထွက်ပြေးတိမ်းရှောင်နေရတာလို့လည်း သူက ပြောပါတယ်။
ပေါက်မြို့နယ် တောင်ပိုင်းရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာ ဒါနဲ့ဆိုရင် ၅ ကြိမ်လောက် ရှိပြီလို့လည်း ဆိုပါတယ်။
ပေါက်မြို့နယ်က ရွာတွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက် မီးရှို့တာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးစိုးပိုင်မြင့်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ၂ဝ၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ ထုတ်ပြန်တဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် မကွေးတိုင်းအတွင်း အရပ်သား တစ်သိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဖော်ပြထားပါတယ်။