စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့ လုပ်ငန်းရှင်တွေကို NUG သတိပေး
နိုင်ငံတကာမှာ တရားစွဲခံထားရတဲ့ စစ်ကောင်စီနဲ့ပူးပေါင်းပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်တာဟာ ရာဇဝတ်မှုမြောက်တဲ့အတွက် လုပ်ငန်းရှင်တွေအနေနဲ့ အထူးရှောင်ရှားဖို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
-
RFA Burmese
2023-06-27 -
-
-
စစ်ကောင်စီနဲ့ပူးပေါင်းပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်နေတာဟာ ရာဇဝတ်မှုမြောက်တယ်လို့ စက်ရုံလုပ်ငန်းရှင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အလုပ်သမားဝန်ကြီးဌာနက ဇွန်လ ၂၇ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။
ရန်ကုန်တိုင်း စက်မှုဇုန်တွေမှာရှိတဲ့ လုပ်ငန်းရှင်တချို့ဟာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အခြေခံအလုပ်သမား အခွင့်အရေးချိုးဖောက်နေတဲ့အပြင် အလုပ်သမားခေါင်းဆောင်တွေကို မတရားဖမ်းဆီးတာ၊ အလုပ်ကနေ ထုတ်ပစ်တာစတဲ့ ပြစ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ NUG ရဲ့ အလုပ်သမားဝန်ကြီးဌာနက ဇွန်လ ၂၇ ရက်နေ့က ကြေညာချက် ထုတ်လိုက်တာ ဖြစ်ပါတယ်။
နိုင်ငံတကာမှာ တရားစွဲခံထားရတဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်တာဟာ ရာဇဝတ်မှုမြောက်တဲ့အတွက် လုပ်ငန်းရှင်တွေအနေနဲ့ အထူးရှောင်ရှားဖို့နဲ့ ဆက်လက်ကျူးလွန်နေရင် ထိရောက်စွာ အရေးယူမယ်လို့ NUG ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီလအတွင်း လှိုင်သာယာမြို့နယ်က Sun Apparel Myanmar အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၄၀၀ ကျော်အတွက် အခွင့်အရေးတွေတောင်းဆိုခဲ့တဲ့ ခေါင်းဆောင်နှစ်ဦးနဲ့ ရွှေပြည်သာမြို့နယ်က တရုတ်နိုင်ငံသားပိုင် Hosheng Myanmar စက်ရုံမှာ လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့တဲ့ အလုပ်သမားခေါင်းဆောင် ခုနစ်ဦး အလုပ်က အထုတ်ခံရတာတွေကို NUG ကြေညာချက်မှာ ဖော်ပြထားပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်နေတဲ့ အလုပ်ရှင်တွေကို နိုင်ငံတကာ ပြဋ္ဌာန်းချက်တွေနဲ့အညီ အရေးယူ ဆောင်ရွက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
ရွှေပြည်သာမြို့နယ်က တရုတ်နိုင်ငံသားပိုင် Hosheng Myanmar အထည်ချုပ်စက်ရုံမှာ အလုပ်သမားအခွင့်အရေးဦးဆောင် တောင်းဆိုခဲ့တဲ့ အလုပ်သမားခေါင်းဆောင်ငါးဦး၊ အလုပ်သမားအရေး ကူညီသူနှစ်ဦးနဲ့ သင်တန်းခန်းမ ငှားရမ်းသူတစ်ဦး စုစုပေါင်း ရှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)၊ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) တို့နဲ့ စစ်ကောင်စီဘက်က တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုရဲ့ ၂၀၂၃ ခုနှစ်၊ ဧပြီ ၅ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်အတွင်း အဖမ်းခံထားရတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူ သုံးရာကျော်ရှိနေပါတယ်။