CDM ထွေအုပ်ဝန်ထမ်း ၂၀၀၀ နဲ့ ပြည်သူ့အုပ်ချုပ်ရေးဆောင်ရွက်ဖို့ NUG ပြင်ဆင်

အမျိုးသားညီညွတ်ရေးအစိုးရ NUG က စိုးမိုးထားတဲ့ နယ်မြေတွေက လစ်လပ်နေတဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးနေရာတွေမှာ CDM ထွေအုပ်ဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ အစားထိုး အုပ်ချုပ်သွားမယ်လို့ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ဧပြီ ၂၄ ရက်နေ့က ကြေညာခဲ့ပါတယ်။

မြစ်ကြီးနားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း ၂၂ ဦး ၂၀၂၁ ခုနှစ် မတ်လ ၆ ရက်နေက CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့စဉ်

အမျိုးသားညီညွတ်ရေးအစိုးရ NUG က စိုးမိုးထားတဲ့ နယ်မြေတွေက လစ်လပ်နေတဲ့ စစ်ကောင်စီ အုပ်ချုပ်ရေးနေရာတွေမှာ CDM ထွေအုပ်ဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ အစားထိုး အုပ်ချုပ်သွားမယ်လို့ NUG ပြည်ထဲရေးနဲ့ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနက ဧပြီ ၂၄ ရက်နေ့က ကြေညာခဲ့ပါတယ်။

"ကျနော်တို့မြို့နယ်မှာတော့ ရပ်ကျေးအားလုံး အုပ်ချုပ်ရေးက စစ်ကောင်စီလက် အောက်မှာ မရှိတော့ဘူး"

စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း အထွေထွေအုပ်ချုပ်ရေးဌာနက CDM ဝန်ထမ်း ၂၀၀၀ လောက်နဲ့ ချိတ်ဆက်မိနေတာကြောင့် အခုလို စီစဉ်တာလို့ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောပါတယ်။

"တစ်နှစ်တာကာလအတွင်းမှာ ဒီထွေအုပ်ကနေ CDM ဝင်လာတဲ့ အရာထမ်းဝန်ထမ်း တွေ အားလုံးပေါ့နော် နှစ်ထောင်နီးပါးလောက်ရှိတာ ကျနော်တို့နဲ့ ချိတ်ဆက်မိတာ။ အဲထဲကမှ ကျနော်တို့နဲ့ နေ့စဉ်နီးပါးပေါ့ အချိန်ပြည့် ကူညီနေကြတာတွေရှိတယ်။ အဲတော့ လက်တွေမှာလည်းပဲ ကျနော်တို့အတွက် များစွာအလုပ်ဖြစ်တယ်။ ပြီးတော့ ကျနော်တို့ ဒီမြေပြင်မှာ အုပ်ချုပ်ရေးကို စပြီးအကောင်အထည်ဖော်တဲ့အခါမှာ ထွေအုပ် CDM ဝန်ထမ်းတွေကတော့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ နိုင်ငံရေးအရ ဦးဆောင်မှုမှာ သူတို့ရဲ့ လုပ်ငန်းအတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီးတော့ ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့ အတွက် ပူးပေါင်းဆောင်ရွက်တာပါပဲ"

မြို့နယ်အလိုက် ဖွဲ့စည်းထားတဲ့ NUG ရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေမှာ ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပ.က.ဖ)၊ တရားဥပဒေပိုင်းဆိုင်ရာဝန်ထမ်း၊ ထွေအုပ်ဝန်ထမ်းနဲ့ ပြည်သူဆိုပြီး ရှိပါတယ်။

ကျန်းမာရေးကဏ္ဍအနေနဲ့ NUG စိုးမိုးထားတဲ့ ဒေသတွေမှာ ဆေးရုံ ၅၁ ရုံ၊ ကျန်းမာရေး ဆေးခန်း ၅၅ ခုနဲ့ ရွေ့လျားဆေးခန်း ၁၆၇ ခု၊ ပညာရေးကဏ္ဍအနေနဲ့ အသက်မွေးဝမ်း ကျောင်း ပညာတွေကို မြို့နယ် ၂၈၆ ခုမှာ အွန်လိုင်းကနေ သင်ကြားပေးနိုင်ပြီလို့လည်း ဦးလွင်ကိုလတ်က ပြောပါတယ်။

မူလကတည်းက အုပ်ချုပ်ရေးအတွေ့အကြုံရှိတဲ့ CDM ထွေအုပ်အရာရှိတွေကို အခုလို NUG အုပ်ချုပ်ရေးအဖွဲ့မှာ တာဝန်ပေးလိုက်တဲ့အတွက် လက်တွေ့မြေပြင်အုပ်ချုပ်ရေးပိုင်းမှာ ပိုသွက်လက်မြန်ဆန်လာမယ်လို့ မင်းတပ်မြို့နယ်က CDM ထွေအုပ်ဝန်ထမ်း ကိုဆလိုင်းက ပြောပါတယ်။

"အဲလိုမျိုး ဖွဲ့စည်းတာတော့ ကြိုဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်ကျနော်တို့ ထွေအုပ်ကကျတော့ အရင်အုပ်ချုပ်ရေးမှာ လုပ်ကြတာဆိုတော့ အဖွဲ့အစည်းထဲမှာ အုပ်ချုပ်ရေးဝန်ထမ်းတွေပါတာဆိုတော့ ပြည်သူ့အုပ်ချုပ်ရေးက ပိုပြီးတော့မှ သွက်လက်မြန်ဆန်တာပေါ့။ ပါတာကတော့ ကောင်းပါတယ်။ ကျနော်တို့လည်း ကြိုဆိုပါတယ်"

မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှာ ကာကွယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ CDM ကဏ္ဍအပါအဝင် စုစုပေါင်းကဏ္ဍ ၁၂ ခု ထည့်သွင်းထားပြီး ကိုဆလိုင်းကတော့ မင်းတပ်မြို့နယ်တစ်ခုလုံးရဲ့ CDM ဝန်ထမ်းကဏ္ဍကို တာဝန်ယူထားတာပါ။

ချင်းပြည်နယ်လိုပဲ စစ်ကောင်စီတပ်ကို လက်နက်ကိုင်ခုခံနေတဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်း တိုင်းမှာလည်း NUG နဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍကို စတင်ဆောင်ရွက်နေပြီလို့ အဲဒီအဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာဆိုရင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား လုံးဝမရှိတော့ဘဲ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကပဲ အစားထိုးလည်ပတ်နေတယ်လို့ ပုလဲမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင် ကိုနွေဦးက ပြောပါတယ်။

"ကျနော်တို့မြို့နယ်မှာတော့ ရပ်ကျေးအားလုံး အုပ်ချုပ်ရေးက စစ်ကောင်စီလက် အောက်မှာ မရှိတော့ဘူး။ ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ အုပ်ချုပ်ရေးယန္တရားတွေ စီမံနေတယ်။ နောက်တစ်ချက်က စစ်ဘေးရှောင်တွေ၊ စစ်ဒဏ်ခံရတဲ့ ရွာတွေကို ထောက်ပံ့ရေး၊ ကူညီရေးတွေ လုပ်ဆောင်နေတယ်။ပညာရေးလုပ်ငန်းတွေ၊ ကျောင်းတွေကိုလည်း ဖော်ဆောင်ပြီး ပြည်သူ့ကျောင်းတွေ ဖွင့်ပေးနေတယ်"

ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ဒေသခံတွေရဲ့ ပညာရေး၊ ကျန်းမာရေးကိစ္စ တွေအပြင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ ကိစ္စတွေကိုလည်း ဦးစားပေး လုပ်ဆောင်နေတယ်လို့ ကိုနွေဦးက ပြောပါတယ်။

NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလကလည်း မြန်မာတစ်နိုင်ငံလုံးမှာ မကြာခင် လွတ် မြောက်နယ်မြေတွေ ဖန်တီးနိုင်တော့မယ်လို့ ဧပြီ ၁၆ ရက် နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို စစ်ကိုင်းတိုင်းက ၂၉ မြို့နယ်နဲ့ မကွေးတိုင်း က ခုနစ်မြို့နယ် စုစုပေါင်း ၃၆ မြို့နယ်မှာ ဖွဲ့စည်းထားနိုင်ကြောင်းလည်း NUG ရဲ့ ပြည်ထဲ ရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

လက်ရှိ တိုင်းပြည်မှာ ဘယ်သူအုပ်ချုပ်နေသလဲဆိုတာ မြင်အောင်ကြည့်နိုင်ရင် NUG ရဲ့ ပြောဆိုချက်တွေ အပေါ်မှာ တုံ့ပြန်စရာ ဘာအကြောင်းမှ မရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

"ဗမာပြည်မှာရှိနေတဲ့ လက်ရှိအနေအထားပဲကြည့်လို့ ကျနော်ပြောချင်ပါတယ်။ လက်ရှိ မှာ ဘယ်သူတွေ အုပ်ချုပ်နေတယ်၊ ဘာတွေလုပ်နေတယ်၊ လက်ရှိဟာထက် ဘယ်သူ တွေက ဆက်ဆံမှုတွေ ပိုလုပ်နေလဲဆိုတာ မြင်ကြည့်ပါလို့ပဲ ပြောချင်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့အနေနဲ့ သီးခြားဝေဖန်စရာ အကြောင်းမရှိပါဘူး။ သူတို့ လုပ်ရိုးလုပ်စဉ်အတိုင်း၊ သူတို့ပြောနေကြတဲ့အတိုင်း ဖြစ်တဲ့အတွက် အဖက်လုပ်ပြီး တုံ့ပြန်နေစရာမရှိဘူးလို့ ပြောချင်ပါတယ်"

မန္တလေးတိုင်းထဲက ဒေသခံတစ်ဦးဖြစ်တဲ့ မနွယ်ကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို ကြိုဆိုတယ်လို့ ပြောပါတယ်။

"ပြည်သူ့ အုပ်ချုပ်ရေးပေါ်လာတာ သဘောကျပါတယ်၊ ပြည်သူ့အုပ်ချုပ်ရေးတွေ ပေါ်လာတာကျ ကောင်းတယ်လေ၊ ပြည်သူ ပြည်သူချင်းဆိုတော့ ပိုပြီးတော့ နားလည် မှုရှိတာပေါ့၊ ပြောရမယ်ဆိုရင်တော့ တစ်မြို့တည်းနေ တစ်ရေတည်းသောက် အိမ်နီးနား ချင်းဆိုတော့ ပြည်သူကို ပြည်သူအုပ်ချုပ်တော့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု နဲ့ယူပြီး အုပ်ချုပ်မယ်ဆို ပိုအဆင်ပြေသွားတာပေါ့"

ချင်းပြည်နယ်၊ ဟားခါးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့စဉ် (Photo: လင်းတင်ဌေး - fb)

လောလောဆယ် ပီပြင်တဲ့လွတ်မြောက်ဒေသကို မတွေ့ရသေးပေမယ့် NUG ပြည်ထဲရေး ဝန်ကြီးဌာနက ဖွဲ့စည်းလိုက်တဲ့ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟာ အနာဂတ် အုပ်ချုပ်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မှတ်ချက်ပေးပါတယ်။

"အုတ်မြစ်ချ စတည်တဲ့သဘောပေါ့ဗျာ။ တကယ်က အခြေအနေကတော့ ပီပြင်တဲ့ လွတ်မြောက်ဒေသဆိုတာ ကျနော်တို့ မဖန်တီးနိုင်သေးပါဘူး။ ဒါကြောင့်မို့ နယ်မြေ တစ်ခုကို ကိုယ်က ကြီးစိုးလွှမ်းမိုးနိုင်ခွင့်ရှိပြီဆိုရင် ဒီတိုင်းပြည်မှာရှိနေတဲ့ ပြည်သူတွေရဲ့ အရေးအရာတွေ ဆောင်ရွက်ပေးဖို့အတွက် အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းကြတာ ဒါသဘာဝပါပဲ။ ဒါဟာ တစ်ပြည်လုံးအုပ်ချုပ်ရေး ထူထောင်ဖို့အတွက် အရေးကြီးဆုံး ယူနစ်၊ အရေးကြီးဆုံး အခြေခံဖြစ်တဲ့အတွက် နယ်မြေစိုးမိုးမှုအင်အားရှိတဲ့ အဖွဲ့အစည်း တိုင်း၊ အစိုးရတိုင်းက တည်ဆောက်ကြလေ့ရှိပါတယ်"

ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းထဲက ကျေးရွာတွေမှာ စစ်ကောင် စီခန့် အုပ်ချုပ်ရေးမှူးတွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်မှတ်ထားတိုက် ခိုက်မှုတွေကြောင့် နုတ်ထွက်တဲ့ အုပ်ချုပ်ရေးမှူးအရေအတွက် ပိုများလာတယ်လို့ PDF တပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

တစ်ပြိုင်တည်းမှာပဲ စစ်မှုထမ်းဟောင်းတွေ၊ အမျိုးသားရေးလှုပ်ရှားသူတွေ၊ ပျူစောထီး အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ သွေးသောက်အဖွဲ့ကလည်း PDF နဲ့ ဆက်စပ်သူတွေ၊ NLD ပါတီနဲ့ ပါတီကိုထောက်ခံသူတွေ၊ မီဒီယာသမားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်ဆောင်နေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org