စစ်ကိုင်းတိုင်း ရွှေပြည်အေးမြို့နှင့် စစ်ကောင်စီစခန်းသုံးခုကို သိမ်းယူခဲ့ကြောင်း NUG ထုတ်ပြန်
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က ရွှေပြည်အေးမြို့အပြင် စစ်ကောင်စီ တပ်စခန်းသုံးခုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းယူနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
-
RFA Burmese
2023-11-28 -
-
-
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က ရွှေပြည်အေးမြို့အပြင် စစ်ကောင်စီ တပ်စခန်းသုံးခုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းယူနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ကို နိုဝင်ဘာလ ၂၂ ရက်နေ့က ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ရှစ်ဦးကို ဖမ်းဆီးခဲ့သလို လက်နက်တွေလည်း သိမ်းဆည်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အလားတူ ကလေးမြို့က စစ်ကောင်စီတပ်ရဲ့ ရန်ကြီးအောင်စခန်းကိုလည်း ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာလ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးခဲ့သလို ၁၇ ဦးကို ဖမ်းမိခဲ့တယ်လို့လည်း ကြေညာထားပါတယ်။
ဒါ့အပြင် ဝက်လက်မြို့နယ် ရွှေပန်းကုံးကျေးရွာရဲစခန်းကိုလည်း နိုဝင်ဘာလ ၂၁ ရက်နေ့က သိမ်းယူနိုင်ခဲ့ပြီး အဲဒီတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က သုံးဦးသေဆုံးခဲ့ပြီး စခန်းမှူးအပါအဝင် ရဲ ၁၆ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းက မုံရွာ-ယာကြီး-ကလေးဝလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီတာဝါတိုင်စခန်းကိုလည်း နိုဝင်ဘာလ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီစခန်းတွေ သိမ်းယူခံရတယ်ဆိုတာနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့သလို စစ်ကောင်စီဘက်က တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း မန္တလေးတိုင်း မတ္တရာမြို့နယ်မှာရှိတဲ့ စစ်ကောင်စီစခန်းကုန်းတစ်ခုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ပူးပေါင်းပြီး သိမ်းပိုက်လိုက်တယ်လို့ NUG က သတင်းထုတ်ပြန်ထားပါတယ်။