NUG Pay မိုဘိုင်းဖုန်း ငွေကြေးဝန်ဆောင်မှု ဇွန်လမှာ စသုံးနိုင်မည်
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ NUG Pay ငွေကြေးဝန်ဆောင်မှု အပလီကေးရှင်းကို Andriod ဖုန်းအမျိုးအစားတွေမှာ ဇွန်လမှာ စတင်သုံးစွဲနိုင်တော့မယ်လို့ NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက RFA ကို ပြောပါတယ်။
- 2022-05-25
-
-
-
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ NUG Pay ငွေကြေးဝန်ဆောင်မှု အပလီကေးရှင်းကို Andriod ဖုန်းအမျိုးအစားတွေမှာ ဇွန်လမှာ စတင်သုံးစွဲနိုင်တော့မယ်လို့ NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက RFA ကို ပြောပါတယ်။
ပြည်သူတွေ လက်ရှိသုံးစွဲနေတဲ့ ငွေကြေးဝန်ဆောင်မှု အပလီကေးရှင်းတွေအတိုင်း အလွယ်ကူဆုံး ဖြစ်အောင် လုပ်ဆောင်ထားတယ်လို့ ဦးမင်းဇေယျာဦးက ပြောပါတယ်။
“ငွေကြေး အထုတ်အသွင်းအတွက်လည်း လွယ်ကူအောင် ကျနော်တို့ တော်တော်လေး ဆောင်ရွက်ထားပါတယ်။ NUG Pay က နည်းပညာအရ ဆန်းသစ်ထားတဲ့ ကိစ္စရပ်ဖြစ်တယ်၊ လုံခြုံရေးအရ စိတ်ချရတယ်၊ တော်လှန်ရေးအတွက် အထောက်အကူဖြစ်တယ်၊ မြန်မာပြည်တွင်း ငွေကြေးလည်ပတ်မှုကိုလည်း အတိုင်းအတာ တစ်ခုအထိ အကူအညီ အထောက်အပံ့ပေးနိုင်မယ်လို့ ယူဆပါတယ် သုံးစွဲကြဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်”
NUG အစိုးရ တစ်နှစ်ကျော်သက်တမ်းအတွင်း ပထမဆုံးထုတ်ပြန်တဲ့ ငွေကြေးဝန်ဆောင်မှုဆိုင်ရာ အပလီကေးရှင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလတည်းက လူငယ်နည်းပညာရှင်တွေနဲ့ ဆောင်ရွက်ခဲ့တာလို့ ပြောပါတယ်။ Andriod ဖုန်းအမျိုးအစားအပြင် IOS ဗားရှင်းနဲ့ အသုံးပြုနိုင်အောင် စီစဉ်သွားမယ်လို့လည်း ပြောပါတယ်။
ဒီအပလီကေးရှင်းကို အသုံးပြုဖို့အတွက် NUG Pay ဝန်ဆောင်မှုအေးဂျင့် (ကိုယ်စားလှယ်) တွေကတစ်ဆင့် ကုဒ်နံပါတ်ကို မြန်မာငွေကျပ် ၁ သောင်းနဲ့ စတင်ဝယ်ယူသုံးစွဲရမယ်လို့ ပြောပါတယ်။
သုံးစွဲခွင့်ရတဲ့အချိန်ကစပြီး နွေဦးထီ၊ ငွေတိုက်စာချုပ်… စတဲ့ ထောက်ပံ့ရေးအစီအစဉ်တွေကို NUG Pay ကတဆင့် လှူဒါန်းနိုင်မှာဖြစ်သလို၊ NUG Pay သုံးစွဲသူအချင်းချင်းကြား ငွေလွှဲတာ၊ ကုန်စည်ဝယ်ယူ သုံးစွဲတာတွေ လုပ်နိုင်မယ်လို့လည်း ပြောပါတယ်။
လောလောဆယ် မြန်မာငွေတစ်မျိုးတည်းကိုပဲ သုံးစွဲနိုင်မှာဖြစ်ပေမယ့် နောက်ပိုင်းမှာ နိုင်ငံခြား ငွေလွှဲငွေထုတ် အသုံးပြုနိုင်အောင် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
NUG ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အင်းလျားလမ်းနေအိမ်ရောင်းချမှု၊ ငွေတိုက်စာချုပ် ရောင်းချမှုတို့ကနေ NUG အစိုးရအတွက် အမေရိကန်ဒေါ်လာ ၄၂ သန်းအထိ ဘဏ္ဍာငွေ ရှာဖွေပေးနိုင်ခဲ့ပြီလို့ NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောဆိုထားပါတယ်။