NUG နဲ့တွေ့ဆုံဖို့ အာဆီယံအစည်းအဝေးမှာ မလေးရှားထပ်အဆိုပြု

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီတွေပေးရေးနဲ့ ပတ်သက်လို့ NUG က တောင်းဆိုထားတဲ့ အားလုံးပါဝင်ရေး ဖိုရမ်ကျင်းပရေးအတွက်ကို ထည့်သွင်းစဉ်းစားဖို့လည်း မလေးရှားက အကြံပြုခဲ့ပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး။ Photo: Reuters

ပြီးခဲ့တဲ့ ကြာသပတေးနေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာကျင်းပတဲ့ မြန်မာ့အရေး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တွေ့ဆုံဆွေးနွေးဖို့ ထပ်မံအဆိုပြုခဲ့တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ ထုတ်ပြန်ပြောဆိုပါတယ်။

အလုပ်မဖြစ်ဘူးလို့ ကျွမ်းကျင်ပညာရှင်တွေက ဝေဖန်နေပေမယ့် အာဆီယံနိုင်ငံတွေ ထပ်မံကိုင်ဆွဲထားတဲ့ မြန်မာ့အရေး မူဘောင်ငါးရပ်နဲ့ ပတ်သက်လို့လည်း ပြတ်ပြတ်သားသား အချိန်ကာလတစ်ရပ်ချမှတ်ဖို့ လိုနေပြီဖြစ်ကြောင်း မလေးရှားက အဆိုပြုခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီတွေပေးရေးနဲ့ ပတ်သက်လို့ NUG က တောင်းဆိုထားတဲ့ အားလုံးပါဝင်ရေး ဖိုရမ်ကျင်းပရေးအတွက်ကို ထည့်သွင်းစဉ်းစားဖို့လည်း အကြံပြုခဲ့ပါတယ်။

မလေးရှားဘက်က တင်သွင်းတဲ့ အချက်တွေကို လာမယ့်နိုဝင်ဘာလမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးညီလာခံကျရင် ဆွေးနွေးဖို့ လက်ခံခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြန်မာ့အရေး အရေးပေါ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးကို မလေးရှားက ဒုတိယနိုင်ငံခြားရေးဝန်ကြီး အဆင့်ပဲ တက်ရောက်ခဲ့ပါတယ်။

မြန်မာ့အရေးဖြေရှင်းဖို့ ပြည်သူလူထုက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အမြန်ဆုံးတွေ့ဆုံဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အာဆီယံခေါင်းဆောင်တွေဆီ မနေ့က စာပေးပို့ တောင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org