ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်မယ်လို့ NUG နဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ ထုတ်ပြန်
ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ပြည်နယ်တွေ စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မယ်လို့ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဇန်နဝါရီ၃၁ ရက်မှာ ဘုံသဘောထား ထုတ်ပြန်လိုက်ပါတယ်။
-
RFA Burmese
2024-01-30 -
-
-
ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ပြည်နယ်တွေ စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဇန်နဝါရီလ ၃၁ ရက်မှာ ဘုံသဘောထား ထုတ်ပြန်လိုက်ပါတယ်။
ဘယ်အဖွဲ့အစည်းတွေ ပါဝင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာ မရှိပေမယ့် NUG အပြင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့က လူပုဂ္ဂိုလ်တွေကို ဆက်သွယ်နိုင်တဲ့စာရင်းမှာ ထည့်သွင်းထားတာ တွေ့ရပါတယ်။
မြန်မာစစ်တပ်က နိုင်ငံရေးမှာ ပါဝင်နေမှု အဆုံးသတ်ဖို့၊ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရအောက်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေ ထားရှိဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းဖို့၊ အားလုံးလက်ခံနိုင်မယ့် ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲဖို့၊ အဲဒီ အခြေခံဥပဒေနဲ့ ပြည်ထောင်စုအသစ် တည်ဆောက်ဖို့၊ ပဋိပက္ခတွေအတွင်း ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှု ရရှိစေဖို့ စတဲ့ နိုင်ငံရေး ဦးတည်ချက် ခြောက်ရပ်ကိုလည်း ဖော်ပြထားပါတယ်။
လုပ်ငန်းစဉ်အနေနဲ့ စစ်ကောင်စီကို စစ်ရေး၊ နိုင်ငံရေးအရ ဖိအားပေးတာ၊ နိုင်ငံရေးဦးတည်ချက် ခြောက်ရပ်ကို လက်ခံလာရင် အာဏာလွှဲပြောင်းဖို့အတွက် ဆွေးနွေးတာ၊ အာဏာသိမ်းမှုကို အဆုံးသတ်ပြီး အသွင် ကူးပြောင်းရေးကာလ အစိုးရဖွဲ့စည်းပြီး နိုင်ငံပြန်လည်တည်ဆောက်တာ စတာတွေကို လုပ်ဆောင်သွားမယ်လို့လည်း ရေးသားထားပါတယ်။
ထုတ်ပြန်ထားတဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ ကဏ္ဍစုံမှာ ပူးပေါင်းညှိနှိုင်းရေး ယန္တရားတွေ၊ တော်လှန်ရေးမဟာမိတ် အင်အားစုတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။