စစ်အာဏာရှင်ပြုတ်ကျရေး အလုပ်နဲ့သက်သေပြကြဖို့ NUG ယာယီသမ္မတ တိုက်တွန်း

NUG အစိုးရအဖွဲ့ဝန်ကြီးတွေ လူထုနဲ့တွေ့ဆုံဖို့လည်း ယာယီသမ္မတက တိုက်တွန်းလိုက်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်များအား ၂၀၂၂ ခုနှစ်၊ မေလအတွင်း NUG ယာယီသမ္မတ ဒူဝါလရှီးလ သွားရောက်တွေ့ဆုံခဲ့စဉ်။ Twitter/ Acting President Duwa Lashi La

စစ်အာဏာရှင်ပြုတ်ကျရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးအရ (NUG) အစိုးရအဖွဲ့ဝင်တွေ အလုပ်နဲ့ သက်သေပြဖို့ လိုတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ က ပြောလိုက်ပါတယ်။ ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတက ပြောခဲ့တာပါ။

“ဒီရက်ပိုင်းမှာ ဆီးရီးယားမှာ အာဏာရှင်သမ္မတ ဘာရှားအာဆတ် ပြုတ်ကျသွားပြီး တော်လှန်ရေးအင်အားစုတွေ အောင်ပွဲခံလိုက်တဲ့သတင်းဟာ ကျွန်တော်တို့နိုင်ငံအတွက်လည်း အားတက်စရာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဆီးရီးယားနိုင်ငံမှာ အာဏာရှင်ခေါင်းဆောင်တစ်ယောက် အရှုံးပေးထွက်ပြေးရသလိုမျိုး၊ ကျွန်တော်တို့ နိုင်ငံမှာလည်း အာဏာရှင်ခေါင်းဆောင်တွေ လက်မြှောက်အရှုံးပေးသွားအောင် ကျွန်တော်တို့ အစိုးရတစ်ဖွဲ့လုံးက အလုပ်နဲ့ သက်သေပြဖို့ လိုတယ်လို့ ယုံကြည်ပါတယ်”

ဒါ့အပြင် NUG အစိုးရအဖွဲ့ဝန်ကြီးတွေ လူထုနဲ့တွေ့ဆုံဖို့လည်း ယာယီသမ္မတက တိုက်တွန်းလိုက်ပါတယ်။ မြေပြင်ကို ကွင်းဆင်းပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ကိုယ်တိုင်ထိတွေ့တာဟာ ပြည်သူတွေအတွက် ခွန်အားဖြစ်စေသလို လုပ်ဆောင်ရမဲ့ အခြေခံအချက် ဖြစ်တယ်လို့ ဆိုပါတယ်။

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က မြေပြင်မှာ တော်လှန်ရေးအင်အားစုတွေ၊ ပြည်သူတွေနဲ့ ထိတွေ့ဆောင်ရွက်ခဲ့တာကို မြင်ရတာ ဝမ်းသာတယ်လို့လည်း ပြောပါတယ်။ ဒေါက်တာတူးခေါင်ဟာ ဒီရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့နေရာတွေကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာလည်း ယာယီသမ္မတက တရုတ်ဖိအားအပါအဝင် နိုင်ငံရေးအခြေအနေအရ အမျိုးသားညီညွတ်ရေးအစိုးရဟာ အဝေးရောက်အစိုးရအဖြစ် ရပ်တည်လို့မရတော့ဘဲ ပြည်တွင်းမှာ အင်အားပြန်လည်တည်ဆောက်ဖို့ ဝန်ကြီးတွေကို တိုက်တွန်းထားပါတယ်။

NUG အစိုးရအဖွဲ့မှာ ဝန်ကြီးဌာန ၁၇ ခုရှိပြီး ဝန်ကြီးနဲ့ ဒုဝန်ကြီး စုစုပေါင်း ၃၄ ဦး ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org