၁၀၂၇ စစ်ဆင်ရေးအတွင်း အရပ်သား ၃ဝဝ ကျော်သတ်ဖြတ်ခံခဲ့ရကြောင်း NUG ထုတ်ပြန်

အဲဒီထဲမှာ ငါးဦးနဲ့အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ် ၁၁ ခု ရှိခဲ့တယ်လို့ NUG ရဲ့ စာရင်းတွေမှာ ဖော်ပြပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ ထွက်ပြေးလာသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်။ ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

၁ဝ၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီဘက်က လေကြောင်းသုံးတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၃ဝဝ ကျော်သေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၄ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ တိုက်ပွဲတွေစဖြစ်တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကနေ နိုဝင်ဘာလ ၃ဝ ရက်နေ့အထိ တစ်လကျော်ကာလအတွင်း အရပ်သား ထိခိုက်သေဆုံးတာတွေကို NUG က စာရင်းပြုစုထားတာဖြစ်ပါတယ်။ ဒီစာရင်းတွေကို နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲဆိုနိုင်ဖို့ ပေးပို့ထားတယ်လို့လည်း ဆိုပါတယ်။

အရပ်သားတွေသေဆုံးရတဲ့ထဲမှာ ရှမ်းပြည်နယ်က အများဆုံး ၉၈ ဦးထိရှိပြီး၊ စစ်ကိုင်းတိုင်းက ၆၇ ဦး၊ ရခိုင်နယ်က ၅၈ ဦး၊ ကရင်နီပြည်က ၂၇ ဦး၊ချင်းပြည်နယ်က ၂၆ ဦး ဖြစ်ပါတယ်။

အဲဒီထဲမှာ ငါးဦးနဲ့အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်အကြိမ်ပေါင်း ၁၁ ကြိမ်ထိရှိခဲ့တယ်လို့ NUG ရဲ့ စာရင်းတွေမှာ ဖော်ပြပါတယ်။

အသက်မသေဘဲ ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားအရေအတွက်ကတော့ ၄ဝဝ ကျော်ထိရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီစစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေထဲမှာ နိုင်ငံတကာတရားရုံးတွေတင်ပြီး အရေးယူနိုင်တဲ့ အမှု ၂၄ မှုပါတယ်လို့လည်း NUG ဘက်ကပြောပါတယ်။

ဒီ NUG ထုတ်ပြန်တဲ့စာရင်းတွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။ စစ်ကောင်စီကတော့ အာဏာသိမ်းပြီးကတည်းက အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာမရှိဘူးလို့ ငြင်းဆိုနေတာဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ တော်လှန်ရေးကာလအတွင်း အရပ်သားတွေ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကို မှတ်တမ်းပြုစုနေပြီး၊ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ တရားရုံးတွေကနေ ပြစ်ဒဏ်တွေပေးနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org