ပြည်ပရောက်မြန်မာကလေးငယ်တွေကို NUG အစိုးရ မွေးစာရင်းထုတ်ပေးမည်

ပြည်ပနိုင်ငံတွေကိုရောက်နေတဲ့ ကလေးငယ်တွေအတွက် မွေးစာရင်းလက်မှတ် ထုတ်ပေးမယ်လို့ NUGက ကြေညာလိုက်ပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကနေအိမ်တစ်ခုမှာတွေ့ရသည့် မြန်မာနိုင်ငံသား မိခင်တစ်ဦးနှင့် သူ၏ကလေးငယ်။ AFP

အကြောင်းအမျိုးမျိုးနဲ့ ပြည်ပနိုင်ငံတွေကို ရောက်နေတဲ့ မြန်မာနိုင်ငံသားမိဘနှစ်ဦးကနေ မွေးဖွားသူသားသမီးတွေကို မတ်လ ၁ ရက်နေ့ကစပြီး မွေးစာရင်းလက်မှတ်တွေ ထုတ်ပေးမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာလိုက်ပါတယ်။

သူတို့ အဓိကကြုံရတာက အထောက်အထား စာရွက်စာတမ်းရဖို့ ခက်ခဲတာပါ။ ဥပမာ ကျောင်းနေအရွယ်ကလေးတွေဆိုရင် ဒီက Migrant (ရွှေ့ပြောင်း) ကျောင်းတွေ ဆက်တက်ဖို့ စာရွက်စာတမ်း မပြည့်စုံတာမျိုး၊ မွေးစာရင်းတို့ ဘာတို့ပေါ့။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသားတွေ ကြုံနေရတဲ့ မလုံခြုံမှုနဲ့ ဒုက္ခအသီးသီးလျော့ပါးအောင် NUG က အဘက်ဘက်ကနေ အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်နေတာလို့ NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ကြေညာစာမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ ကလေးငယ်တွေဟာ မွေးစာရင်း အပါအဝင် စာရွက်စာတမ်းလိုအပ်ချက်တွေကြောင့် ကျောင်းဆက်တက်ဖို့ အခက်အခဲတွေ့နေရတယ်လို့ မဲဆောက်မြို့အခြေစိုက် ရောင်ခြည်ဦး ဥပဒေအထောက်အကူအပြုအဖွဲ့ တာဝန်ခံ ဒေါ်သူဇာကြိုင်က ပြောပါတယ်။

“ထိုင်းဘက်ကို ရောက်လာတဲ့သူတွေက အမျိုးသမီးတွေ၊ မိသားစုလိုက်တွေ၊ ကလေးတွေလည်းပါတယ်။ သူတို့ အဓိကကြုံရတာက အထောက်အထား စာရွက်စာတမ်းရဖို့ ခက်ခဲတာပါ။ ဥပမာ ကျောင်းနေအရွယ်ကလေးတွေဆိုရင် ဒီက Migrant (ရွှေ့ပြောင်း) ကျောင်းတွေ ဆက်တက်ဖို့ စာရွက်စာတမ်း မပြည့်စုံတာမျိုး၊ မွေးစာရင်းတို့ ဘာတို့ပေါ့။ အဲဒါကြောင့် ကျောင်းတက်ဖို့ ခက်ခဲတာတွေ ကြုံရတယ်”

(ထိုင်း-မြန်မာနယ်စပ်တစ်နေရာမှာ ဆေးဝါးစစ်ဆေးမှုခံနေတဲ့ မြန်မာ ကလေးငယ်တစ်ဦးကို ၂၀၁၂ ခုနှစ်က တွေ့ရစဉ်။ Photo:AFP)

NUG က ထုတ်ပေးတဲ့မွေးစာရင်း လျှောက်ထားလိုသူတွေဟာ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဝက်ဆိုက်စာမျက်နှာမှာ မွေးစာရင်းဖောင်ကို မြန်မာ (သို့) အင်္ဂလိပ်ဘာသာနဲ့ ဖြည့်သွင်းနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့အထိ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၁ ဒဿမ ၅ သန်းအထိ မြင့်တက်လာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN-OCHA) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org