ဖက်ဆစ်စနစ်ကို နည်းလမ်းပေါင်းစုံနဲ့ အမြစ်ပြတ်တော်လှန်ကြဖို့ NUG နဲ့ အဖွဲ့၆ ဖွဲ့ ပူးတွဲထုတ်ပြန်

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးကြောင်း ၂၀၂၂ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့မှာ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့တာဟာ ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့ ညီညွတ်မှုလုံးဝမရှိတဲ့ အကြမ်းဖက်လူသတ်မှု သက်သက်သာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီမိုကရေစီအရေးလှုပ်ရှားသူများအား စစ်ကောင်စီက ကွပ်မျက်မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ၂ဝ၂၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့က မုံရွာမြို့နယ်တွင် ဆန္ဒပြနေစဉ်။ Photo: အရာတော်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီ

နိုင်ငံရေးပါတီတွေ၊ တော်လှန်ရေးအင်အားစုတွေ၊ ပြည်တွင်းပြည်ပက ပြည်ထောင်စုဖွားအားလုံး ညီညီညွတ်ညွတ်ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီနဲ့ ဖက်ဆစ်စနစ်ကို ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းပေါင်းစုံနဲ့ အမြစ်ပြတ်သည်အထိ ပြတ်ပြတ်သားသားတော်လှန်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့ ပူးတွဲပြီး ဇူလိုင်လ၂၆ ရက်နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးကြောင်း ၂၀၂၂ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့မှာ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့တာဟာ ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့ ညီညွတ်မှုလုံးဝမရှိတဲ့ အကြမ်းဖက်လူသတ်မှု သက်သက်သာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့က နေပြည်တော်မှာ မမြသွဲ့သွဲ့ခိုင်ကို ကျည်အစစ်နဲ့ ဦးခေါင်းကို ပစ်ခတ်ချိန်ကစပြီး နေ့စဉ်ရက်ဆက် အကြမ်းဖက် သတ်ဖြတ်မှုတွေကို ဥပဒေမဲ့ လက်ရဲဇက်ရဲ ကျူးလွန်နေတဲ့ ဖက်ဆစ်စစ်အုပ်စုရဲ့ ခွင့်မလွှတ်နိုင်တဲ့ နောက်ထပ်ရာဇဝတ်မှုကြီးတစ်ခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ မိတ်ဖက်နိုင်ငံတွေအနေနဲ့လည်း နိုင်ငံရေးနည်းလမ်းကို ငြင်းပယ်ထားတဲ့ အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီကို အပြစ်ပေးအရေးယူနိုင်ရေး၊ ပိတ်ဆို့ဟန့်တားရေးနဲ့ တော်လှန်ရေးကို ဆင်နွှဲနေတဲ့ ပြည်သူလူထုနဲ့ အင်အားစုအားလုံးကို အဖက်ဖက်ကနေ ကူညီပံ့ပိုးရေး တို့ကို လက်တွေ့ကျကျ ထိထိရောက်ရောက် အရှိန်မြှင့်ဆောင်ရွက်ပေးကြဖို့လည်း တောင်းဆိုထားပါတယ်။

ပြည်သူလူထုတစ်ရပ်လုံးရဲ့ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်မှုနဲ့ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး၊ အုပ်ချုပ်ရေး စစ်မျက်နှာစုံမှာ ဖြစ်နိုင်တဲ့ နည်းလမ်းအားလုံးကို သုံးပြီး ဖက်ဆစ်စစ်အာဏာရှင်စနစ် အမြစ်ဖြတ်မယ့် ပြည်သူ့တော်လှန်ရေး အမြန်ဆုံးအောင်မြင်အောင် ညီညီညွတ်ညွတ် မဆုတ်မနစ် ဆန့်ကျင်တွန်းလှန်တိုက်ပွဲဝင်သွားမယ်လို့ ခိုင်မာတဲ့ သန္နိဋ္ဌာန်ဖြင့် အဓိဋ္ဌာန်ပြုကြောင်းလည်း အဲဒီပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org