NUG အစိုးရကိုထောက်ခံတဲ့ ပရိုဖိုင်လှုပ်ရှားမှု ပါဝင်သူ နှစ်သန်းကျော်ရှိပြီ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုလက်ခံပြီး အာဏာသိမ်းစစ်ကောင်စီကို ငြင်းဆိုပါ (Accept NUG – Reject Military) ဆိုတဲ့ ဖေ့စ်ဘွတ်လူမှုကွန်ရက် ပရိုဖိုင် လှုပ်ရှားမှုမှာ အချိန်သုံးရက်အတွင်း ပါဝင်သူပေါင်း နှစ်သန်းကျော်ရှိနေပြီလို့ ဒီလှုပ်ရှားမှုကို ဦးဆောင်ပြုလုပ်နေတဲ့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (General Strike Coordination Body - GSCB) ခေါင်းဆောင် တစ်ဦးက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကို လက်ခံပြီး၊ အာဏာသိမ်းစစ်ကောင်စီကို ငြင်းဆိုပါ (Accept NUG – Reject Military) ဖေ့စ်ဘွတ်ပရိုဖိုင်ပုံကို တွေ့ရစဥ် Photo: Facebook
အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) ကိုလက်ခံပြီး အာဏာသိမ်းစစ်ကောင်စီကို ငြင်းဆိုပါ (Accept NUG – Reject Military) ဆိုတဲ့ ဖေ့စ်ဘွတ်လူမှုကွန်ရက် ပရိုဖိုင်လှုပ်ရှားမှုမှာ အချိန်သုံးရက်အတွင်း ပါဝင်သူပေါင်း နှစ်သန်းကျော်ရှိနေပြီလို့ ဒီလှုပ်ရှားမှုကို ဦးဆောင်ပြုလုပ်နေတဲ့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (General Strike Coordination Body - GSCB) အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
 
ဒီလှုပ်ရှားမှုကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး ဒီနေ့ သြဂုတ်လ ၁၂ ရက်နေ့ ညနေ ၅ နာရီအထိ ဖေ့စ်ဘွတ်အကောင့် နှစ်သန်းကျော်ဟာ အဲဒီပရိုဖိုင်ကိုပြောင်းလဲပြီး ဒီလှုပ်ရှားမှုမှာ ပါဝင်နေကြတာ လို့ ဆိုပါတယ်။
 
လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့မှာပြုလုပ်မယ့် ၇၆ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံကိုကိုယ်စားပြုမယ့် အစိုးရတစ်ရပ်နဲ့ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ကို ကမ္ဘာ့နိုင်ငံတွေက စိစစ်ရွေးချယ်ဖို့ရှိနေတာကြောင့် NUG ကို ထောက်ခံတဲ့အနေနဲ့ ဒီလှုပ်ရှားမှုကို ပြုလုပ်နေတာလို့ အထွေထွေ သပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (General Strike Coordination Body - GSCB) က ပြောပါတယ်။
 
အဲဒီ အထွေထွေညီလာခံမှာ Credential Committee လို့ခေါ်တဲ့ ယုံကြည်ရတဲ့ ကော်မတီအလှည့်ကျ ကိုးနိုင်ငံက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မဲခွဲဆုံးဖြတ်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံကို အကြံပြုချက်ပေးရမှာ ဖြစ် ပါတယ်။
 
အဲဒီအကြံပြုချက်ကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံက သဘောမတူခဲ့မှသာ အဖွဲ့ဝင် ၁၉၃ နိုင်ငံစလုံးက မဲခွဲဆုံးဖြတ်ကြမှာဖြစ်ပါတယ်။
 
NUG နဲ့ စစ်ကောင်စီ တစ်ခုခုကို မြန်မာနိုင်ငံရဲ့ အစိုးရအဖြစ် ရွေးချယ်မှာဖြစ်လို့ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခုဖြစ်လာမှာဖြစ်သလို နှစ်ဘက်စလုံးကို မရွေးချယ်ဘဲ ခုံအလွတ်အနေနဲ့ထားဖို့ ဆုံးဖြတ်တာမျိုးလည်းရှိနိုင်ကြောင်း လေ့လာသူတွေက ပြောပါတယ်။
 
ကုလသမဂ္ဂအထွေထွေညီလာခံမှာ အခုလိုအငြင်းပွားမှုမျိုးကို လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်တုန်းက မြန်မာနိုင်ငံအနေနဲ့ တစ်ကြိမ်ကြုံခဲ့ရပြီး အဲဒီချိန်က အဝေးရောက်ညွန့်ပေါင်းအစိုးရ ( NCGUB ) အစား စစ်အစိုးရကိုယ်စားလှယ်ကိုပဲ Credential Committee က အတည်ပြုရွေးချယ်ခဲ့ပါတယ်။
 
ကုလသမဂ္ဂ အထွေထွေညီလာခံအတွက် ရည်ရွယ်ပြီးပြုလုပ်နေတဲ့ ဖေ့စ်ဘွတ်လူမှုကွန်ရက် ပရိုဖိုင်လှုပ်ရှားမှုနဲ့ ပတ်သက်လို့ ဩဂုတ်လ ၁၁ ရက်နေ့မှာတော့ ပရိုဖိုင်ပြောင်းလဲထားသူတွေကို စနစ်တကျပြုစုထားဖို့ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံစစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေအားလုံးကို ညွှန်ကြားတဲ့ ကြေးနန်းစာတစ်စောင် လူမှုကွန်ရက်ပေါ်ကနေ ထွက်ပေါ်လာပါတယ်။
 
အဲဒီကြေးနန်းစာထဲမှာ ပရိုဖိုင်ပြောင်းလဲထားသူတွေဟာ အကြမ်းဖက်အဖွဲ့လို့ ကြေညာထားတဲ့ NUG ကို ထောက်ခံပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၂ (က) အရ အကြမ်းဖက်လုပ်ငန်းတွေကို ပြုလုပ်ဖို့ တိုက်တွန်းသူ၊ အားပေးအားမြှောက်ပြုသူ၊ ဝါဒဖြန့်နေသူတွေဖြစ်တယ်လို့လည်း စွပ်စွဲထားပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org