စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာ ဗုံးပေါက်ကွဲ

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေက လယ်ဝေးမြို့လယ်မှာ ဒီဇင်ဘာလ ၁ ရက် ဒီနေ့မနက်ပိုင်းက ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။

လယ်ဝေးမြို့က ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကို တွေ့ရစဉ်။ Citizen Journalist

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေက လယ်ဝေးမြို့လယ်မှာ ဒီဇင်ဘာလ ၁ ရက် ဒီနေ့မနက်ပိုင်းက ဗုံးတစ်လုံး ပေါက်ကွဲခဲ့တယ်လို့ လယ်ဝေးမြို့ခံတွေက RFA ကိုပြောပါတယ်။

မနက်ပိုင်း ၇ နာရီခွဲလောက်မှာ လယ်ဝေးမြို့လယ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြေးရုပ်လမ်းဆုံက ယာဉ်ထိန်းရဲ ဂိတ်တဲ အနီးမှာ ဗုံးတစ်လုံး ပေါက်ကွဲခဲ့တာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“ဒီနေ့မနက်မှာ ပေါက်ကွဲတာဟုတ်တယ်။ အသံတော့အကျယ်ကြီးပဲ လူတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။ ဖြစ်တဲ့အချိန်တော့ ရဲတွေရော စစ်သားတွေရော ရှုပ်နေတာပဲ။ အခုတော့ ပြန်ရှင်းသွားပြီ”

အဲဒီ အနီးတစ်ဝိုက်မှာပဲ နောက်ထပ် မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးကိုလည်း ထပ်တွေ့ခဲ့ပြီး စစ်တပ်နဲ့ ရဲက ရှင်းလင်းခဲ့တယ်လို့ သူကဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ (နေပြည်တော်) ကတော့ မိုင်းနှစ်လုံးမှာ ပထမမိုင်းကို ဖောက်ခွဲနိုင်ခဲ့ပြီး ရဲနဲ့ စစ်တပ် ကိုမျှားခေါ်ကာ မိုင်းဆွဲတိုက်ခိုက်ဖို့ စီစဉ်ခဲ့ပေမယ့် အဓိကကျတဲ့ မိုင်းတစ်လုံးကို ပြည်သူတွေက ကောက်ယူ သွားတယ်လို့ ယူဆတာကြောင့် မဖောက်ခွဲနိုင်ခဲ့ဘူးလို့ ထုတ်ပြန်ပါတယ်။

နေပြည်တော်မှာတော့ စစ်ကောင်စီ ရုံးစိုက်ထားတာကြောင့် အချက်အချာကျတဲ့ လမ်းဆုံ၊ လမ်းခွတိုင်းမှာ စစ်တပ်နဲ့ ရဲက လုံခြုံရေးအပြည့်ယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org