ကျိုင်းတုံမှာ ပဏာမအပစ်ရပ်စာချုပ်ကို ဦးစားပေးဆွေးနွေးမည်

အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ ဖြစ်တဲ့ KIA၊ TNLA၊ MNDAA နဲ့ AA တို့ လာမယ့် သြဂုတ်လ ၃၁ ရက်နေ့မှာ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ ဆွေးနွေးဖို့ သဘောတူလိုက်ကြပါတယ်။

အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ ၂၀၁၉ ဧပြီ ၃၀ ရက်နေ့က မူဆယ်မြို့မှာ တွေ့ဆုံဆွေးနွေးစဉ် Photo: Kan Thar/RFA

အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ ဖြစ်တဲ့ KIA၊ TNLA၊ MNDAA နဲ့ AA တို့ လာမယ့် သြဂုတ်လ ၃၁ ရက်နေ့မှာ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ ဆွေးနွေးဖို့ သဘောတူလိုက်ပြီလို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်တွေက ပြောပါတယ်။

သြဂုတ်လ ၃၁ ရက်နေ့ဟာ ကချင်နဲ့ ရှမ်းပြည်နယ်က စစ်တိုင်းကြီးငါးခုမှာ တပ်မတော်က တစ်ဖက်သတ် အပစ်ရပ်စဲကြောင်း ကြေညာထားတဲ့ သက်တမ်း ကုန်ဆုံးမယ့်နေ့ ဖြစ်ပါတယ်။

ရခိုင်နဲ့ ရှမ်းပြည်မြောက်ပိုင်းဘက်မှာလည်း တပ်မတော်နဲ့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့တို့ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဒီတစ်ကြိမ်တိုက်ပွဲထဲမှာတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေထဲက ကချင်အဖွဲ့ဖြစ်တဲ့ KIA တော့ မပါဝင်ပါဘူး။

ပြီးခဲ့တဲ့ ဧပြီလ ၃ဝ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ အစိုးရကိုယ်စားလှယ်တွေနဲ့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ တွေ့ဆုံရာမှာ Bilateral လို့ခေါ်တဲ့ ပဏာမ အပစ်ရပ်စာချုပ်အတွက် မြောက်ပိုင်းက တစ်ဖွဲ့ချင်းစီရဲ့အဆိုပြုချက်မူကြမ်းကို ပေးအပ်ခဲ့ပါတယ်။ ဇွန်လကုန်မှာကျင်းပတဲ့ မိုင်းလားအဖွဲ့ အနှစ် ၃ဝ ပြည့် အခမ်းအနားမှာ နောက်တစ်ကြိမ် တွေ့ဆုံရာမှာတော့ အစိုးရဘက်က ဖြစ်စေချင်တဲ့ Bilateral ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ပေးအပ်ခဲ့ပါတယ်။

အဲဒီထဲမှာ တပ်နေရာချထားရေးကိစ္စကို တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေက မနှစ်သက်ကြတဲ့ သဘောထားလည်း ပေါ်ထွက်လာခဲ့ရာမှာ AA ကို ရခိုင်ပြည်နယ်အတွင်း လှုပ်ရှားခွင့်မပြုဘဲ လိုင်ဇာမှာသာ ခွင့်ပြုတယ်ဆိုတဲ့အချက်က အငြင်းပွားစရာ ဖြစ်နေပါတယ်။

တပ်မတော်ကလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး ကချင်နဲ့ ရှမ်းပြည်နယ်ထဲက စစ်တိုင်းကြီးငါးခုမှာ တစ်ဖက်သက် အပစ်ရပ်စဲထားပြီး ငြိမ်းချမ်းရေးအတွက်ဆွေးနွေးဖို့ ဖိတ်ခေါ်ထားတယ်ဆိုပြီး ရှစ်လတာ ရပ်ဆိုင်းထားခဲ့ပေမယ့်၊ အပစ်ရပ်ကာလမတိုင်မီ ရှမ်းပြည်မြောက်ပိုင်းဘက်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာပါတယ်။

အခုလို တိုက်ပွဲတွေကြောင့် နှစ်ဖက်ယုံကြည်မှု လျော့နည်းနေချိန်မှာ တရုတ်နိုင်ငံဘက်က လုံခြုံရေးအတွက် ကြားဝင် အာမခံချက်ပေးတဲ့အတွက် မြောက်ပိုင်းအဖွဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ မနက်ဖြန် ကျိုင်းတုံဆွေးနွေးပွဲအတွက် ခြေလှမ်းပြင်နေပြီလို့ AA ပြောခွင့်ရသူ ခိုင်သုခက RFA ကို ပြောပါတယ်။

ပြင်ဦးလွင် နည်းပညာတက္ကသိုလ်ကျောင်းနဲ့ နောင်ချိုဂိတ်စခန်းနေရာ ငါးခုတို့မှာ မြောက်ပိုင်း သုံးဖွဲ့တို့ သြဂုတ်လ ၁၅ ရက်နေ့က တိုက်ခိုက်လိုက်ပြီးတဲ့နောက် ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားလာနေတာ ပိုမိုပြင်းထန်လာနေပြီဖြစ်ပါတယ်။

တရုတ်နယ်စပ်နေရာအထိ ရောက်မလာသေးပေမယ့်လည်း မြောက်ပိုင်း သုံးဖွဲ့တို့ကို တရုတ်နိုင်ငံခြားရေးဌာနက အထူးကိုယ်စားလှယ် မစ္စတာဆုန်ကော့ရှန်က ခေါ်ယူသတိပေးခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ အခုလို ကျိုင်းတုံမှာ ဆွေးနွေးဖို့အခြေအနေကလည်း ဖြစ်လာရတာပါ။

ဒီတစ်ကြိမ်ဆွေးနွေးပွဲက ထိရောက်ပါ့မလားဆိုတာလည်း မေးခွန်းထုတ်စရာဖြစ်နေတဲ့အတွက် ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တစ်ဦးဖြစ်တဲ့ ဦးဆန်းအောင်က သူ့အမြင်ကို အခုလို ပြောပါတယ်။

Bilateral အတွက် နှစ်ဖက်အဆိုပြုတွေက များနေသလို အချိန်ဆွဲနေတာတွေကြောင့် တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်ချက်တွေလျော့လာတာမို့ တိုက်ပွဲတွေလည်းပြန်ဖြစ်လာရတာလို့ စစ်ရေးနိုင်ငံရေး လေ့လာသူ စာရေးဆရာ ဦးမောင်မောင်စိုးက ပြောပါတယ်။

ခုလိုငြိမ်းချမ်းရေးအတွက် နှစ်ဖက်ကိုယ်စားလှယ်တွေ ဆွေးနွေးကြမယ်ဆိုပေမယ့်လည်း တိုက်ပွဲတွေကတော့ လျော့ကျဖို့လမ်းမမြင်သေးဘူးလို့ အရင်က မြန်မာ-တရုတ်နယ်စပ်အခြေစိုက် ဗမာပြည်ကွန်မြူနစ်ပါတီမှာ တာဝန်ယူခဲ့ဖူးသူ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

အစိုးရနဲ့ မြောက်ပိုင်းအဖွဲ့တွေအပေါ် သြဇာညောင်းတဲ့ တရုတ်နိုင်ငံအနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိထိရောက်ရောက် လုပ်ပေးနိုင်မလား ဒါမှမဟုတ် တိုင်းရင်းသားတွေနဲ့ အစိုးရတို့က ပြည်သူတွေရဲ့ အသက်အိုးအိမ်ကိုငဲ့ညှာပြီး ရလဒ်ကောင်းထွက်ပေါ်လာဖို့ ဆွေးနွေးကြတော့မလားဆိုတာ စောင့်ကြည့်ရ မှာဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုကျော်သူ ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org