ကမာရွတ်မြို့နယ် NLD ပါတီဆိုင်းဘုတ် စစ်ကောင်စီ ဖြုတ်သိမ်း

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဆိုင်းဘုတ်ကို မတ်လ ၃၁ ရက်၊ မနက် ၉ နာရီခွဲက အရပ်ဝတ်တွေဝတ်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖြုတ်သိမ်းသွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့က ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ် NLD ပါတီရဲ့ ပါတီဆိုင်းဘုတ် ဖြုတ်သိမ်းနေသည်ကို တွေ့ရစဉ်။ Citizen Journalist

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဆိုင်းဘုတ်ကို မတ်လ ၃၁ ရက်၊ မနက် ၉ နာရီခွဲက အရပ်ဝတ်တွေဝတ်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖြုတ်သိမ်းသွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

အဲဒီရုံးခန်းဟာ ကမာရွတ်မြို့နယ်၊ ၄ ရပ်ကွက်၊ ကွမ်းခြံကုန်း (၅) လမ်းမှာ ရှိပြီး အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် အစောပိုင်းကတည်းက ရုံးခန်းကိုပိတ်ထားတာလို့ ဆိုပါတယ်။

ပါတီဆိုင်းဘုတ်ကို အရပ်ဝတ် ခုနစ်ဦးနဲ့ လာရောက်ဖြုတ်သိမ်းခဲ့တာလို့လည်း အဲဒီမြို့နယ်မှာနေထိုင်တဲ့ NLD ပါတီဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"ဟုတ်ပါတယ်။ ဒီမနက်မှာပဲ အရပ်ဝတ်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးလောက် က ရုံးခန်းပိတ်ထားတာ ကြာပြီမိုလို့ ပါတီဆိုင်းဘုတ်ဖြုတ်မယ်ဆိုပြီး ဖြုတ်သွားတာလို့ သိထားပါတယ်။ သူတို့မှာ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းတချို့ ပါလာတာ တွေ့ပါတယ်။ ယူနီဖောင်း မဝတ်ထားပေမယ့် စစ်သားတွေပါပဲ။ ဌာနချုပ်နဲ့ ပါတီရဲ့ တခြားရုံးခန်းတွေက ဖြုတ်သိမ်းတာမျိုး မရှိသေးပါဘူး"

ပါတီဆိုင်းဘုတ်ကို ဖြုတ်သိမ်းသွားပေမယ့် သော့ပိတ်ထားတဲ့ ရုံးခန်းအတွင်းကို ဝင်ရောက် ရှာဖွေတာမရှိသလို ဆိုင်းဘုတ်ဖြုတ်သိမ်းစဉ်က သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ လည်း မပါလာဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနဲ့ နည်းဥပဒေအသစ်အရ NLD ပါတီ အပါအဝင် မှတ်ပုံပြန်မတင်တဲ့ နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က မတ်လ ၂၈ ရက်နေ့က ထုတ်ပြန်ကြေညာ ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org