နိုင်ငံရေးပါတီဖျက်သိမ်းကြောင်း စစ်ကောင်စီကြေညာချက် NLD လက်မခံ

တည်ဆဲဥပဒေတွေကို ချိုးဖောက်ပြီး အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ တရားဝင်မှု မရှိတဲ့အပြင် လူထုကိုယ်စားပြုမှုလည်း မရှိဘူးလို့ NLD ဗဟိုအလုပ်ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေကြသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝန်းရံသူများအား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။ Ye Aung Thu / AFP

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ တရားဝင်ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီတွေ ကို ဖျက်သိမ်းခွင့်မရှိဘူးလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီ က မတ်လ ၂၉ ရက်နေ့ ဒီနေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

တည်ဆဲဥပဒေတွေကို ချိုးဖောက်ပြီး အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ တရားဝင်မှု မရှိတဲ့အပြင် လူထုကိုယ်စားပြုမှုလည်း မရှိဘူးလို့ NLD ဗဟို အလုပ်ကော်မတီက ဆိုပါတယ်။

NLD ပါတီအနေနဲ့ ပြည်သူရှိနေသရွေ့ ပါတီရှိနေမယ့်အပြင် ပြည်သူတွေရဲ့ မျှော်မှန်းချက်တွေ ပြည့်မီတဲ့အထိ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ကြေညာချက်မှာ ပြောဆိုထားပါတယ်။

ဒီအတောအတွင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ မှတ်ပုံမတင်တဲ့ နိုင်ငံရေးပါတီတွေ ကိုလည်း အသိအမှတ်ပြု လေးစားတယ်လို့လည်း ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် NLD ပါတီဝင် ၁၂၃၅ ဦး ဖမ်းဆီးခံထားရပြီး ၂၆ ဦး က စစ်ကြောရေး စခန်းတွေနဲ့ ထောင်ထဲမှာ သေဆုံးခဲ့ရကြောင်း၊ အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၆၃ ဦး ရှိပြီး NLD ဗဟိုကော်မတီဝင် ဦးဖြိုးဇေယျာသော်မှာ ကြိုးပေးသတ်ဖြတ်တာခံခဲ့ရ တယ်လို့ NLD ပါတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် NLD ကိုယ်စားလှယ် ၂၀၆ ဦး အပါအဝင် ပါတီဝင် ၃၇၁ ဦးတို့ရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းထားတယ်လို့လည်း ဖော်ပြထား ပါတယ်။

အသစ်ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ရက်ပေါင်း ၆၀ အတွင်း ပါတီမှတ်ပုံမတင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းတဲ့ အကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က မနေ့က မတ်လ ၂၈ ရက်မှာ ကြေညာခဲ့တာပါ။

စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ တည်ဆဲနိုင်ငံရေးပါတီ ၅၀ က မှတ်ပုံပြန်တင်ထားပြီး နောက်ထပ် နိုင်ငံရေးပါတီ ၁၃ ခုကတော့ ပါတီသစ်တည်ထောင်ဖို့ လျှောက်ထားတယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org