ခင်ဦး NLD လွှတ်တော်အမတ်ရဲ့ ဇနီးနဲ့သမီး ဖမ်းဆီးခံရ
NLD ပါတီရဲ့ ခင်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဝင်းအောင်ရဲ့ဇနီး ဒေါ်နီလာနဲ့ သမီးအကြီးဖြစ်သူ ဒေါ်အိနန္ဒာအောင်တို့ကို စစ်ကောင်စီတပ်သားတွေ လာဖမ်းသွားပါတယ်။
-
RFA Burmese
2023-02-25 -
-
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ခင်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဝင်းအောင်ရဲ့ဇနီး ဒေါ်နီလာနဲ့ သမီးအကြီးဖြစ်သူ ဒေါ်အိနန္ဒာအောင်တို့ကို ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၄ နာရီခွဲဝန်းကျင် ခင်ဦးမြို့က နေအိမ်မှာ စစ်ကောင်စီတပ်သားတွေ လာဖမ်းသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒေါက်တာဝင်းအောင်ရဲ့ သမီးအငယ်နဲ့ အမျိုးသားဖြစ်သူတို့ ရေဦးမြို့နယ်မှာ မတော်တဆ ယမ်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တာနဲ့ပတ်သက်လို့ ဆက်စပ်ပြီး အခုလို လာဖမ်းတာ ဖြစ်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“သူ့သမီးအငယ် အိမ်ထောင်သည်က အပြင်မှာ တော်လှန်ရေးလုပ်နေတာ။ ရေဦးမှာ မနေ့က ယမ်းကျိုရင်း ပေါက်ကွဲမှုဖြစ်ပြီး သားမက်က မနေ့ကဆုံးတာ။ သမီးက ဒီနေ့မနက်မှာ ဆုံးတာ။ အဲဒီသတင်းကြားပြီးတော့ တန်းဖမ်းတာလည်းဖြစ်နိုင်တယ်။ အဲဒီကိုထွက်မယ်ထင်လို့ သူတို့ ဆီးဖမ်းတယ်ထင်တာပဲ”
ဒေါက်တာဝင်းအောင်ရဲ့ ဇနီးနဲ့သမီးအကြီးဖြစ်သူတို့ဟာ ခင်ဦးမြို့ပေါ်မှာပဲ ခံဝန်နဲ့ နေထိုင်နေတာလို့ ဆိုပါတယ်။
ဘာကြောင့်ဖမ်းဆီးသွားလဲဆိုတာနဲ့ ဘယ်နေရာကို ခေါ်ဆောင်သွားလဲဆိုတာကိုတော့ မိသားစုနဲ့ နီးစပ်သူတွေ အနေနဲ့ တိတိကျကျ မသိရသေးသလို RFA အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒေါက်တာဝင်းအောင်ဟာ ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ပြည်နှစ်ရွေးကောက်ပွဲတွေမှာ ခင်ဦးမြို့နယ် မဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရထားသူဖြစ်ပြီး လက်ရှိလွတ်မြောက်နယ်မြေတစ်ခုကို ရောက်နေတာလို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ ၁၉,၈၆၆ ဦး ဖမ်းဆီးခံထားရပြီး အဲဒီထဲက ၁၆,၀၀၅ ဦးက ထောင်ဒဏ် အသီးသီးချမှတ်ခံထားရပါတယ်။