ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD အဖွဲ့ဝင်တွေက ပဲခူးတိုင်းအတွက် ထပ်မံကူညီ
ပဲခူးမြို့က အနောက်ရွှေနံ့သာ ကျောင်းတိုက် ဓမ္မာရုံအတွက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အလှူငွေ ၅ သိန်း ထပ်မံ လှူဒါန်းကြောင်း သိရပါတယ်။
-
2011-08-16 -
-
-
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်တွေရဲ့ BG ခေါ် သွေးအကူအညီပေးရေး အဖွဲ့က မူလတန်း ကလေးတွေနဲ့ မိဘမဲ့ လေလွင့်ကလေးတွေ အတွက် အသက်မွေးဝမ်းကျောင်း သင်တန်းကို ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က ဖွင့်လှစ်သည့် အခမ်းအနား ဖြစ်ပါသည်။ ဓါတ်ပုံ- nldburma
nldburma.org
ပြီးခဲ့တဲ့ရက် ပဲခူးမြို့ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က ရေဘေး ဒုက္ခသည် အများစု ရောက်ရှိနေတဲ့ ရွှေနံ့သာ ကျောင်းတိုက်ကို သွားရောက်ခဲ့စဉ် အလှူငွေ တသိန်း လှူဒါန်းခဲ့ကြောင်း နောက်ထပ် ဓမ္မာရုံ ပြုပြင်ဖို့ အတွက် လှူဒါန်းတာ
ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပဲခူးတိုင်းတာဝန်ခံ ဦး စိုးဝင်းက ပြောပါတယ်။
“ကျနော်တို့ စေတနာကျောင်းမှာ ရေဘေး ဒုက္ခသည်တွေက မြေကြီၤးပေါ် ထိုင်နေကြရတာကို။ ဒါ့ကြောင့် ဆောက်လက်စ ဓမ္မာရုံကို ဆက်ဆောက်နိုင်အောင် တနေ့က တသိန်း ဒီနေ့ ငါးသိန်း ကြမ်းခင်းတွေ ခင်းဖို့ ဒေါ်အောင်ဆန်းစုကြည်က
သွားလှူခိုင်းလို့ သွားလှူတာပါ”
ဒီကနေ့မှာပဲ မင်္ဂလာဒုံမြို့နယ် NLD စည်း အဖွဲ့ဝင်တွေကလည်း ပဲခူးမြို့ဘူတာ အနောက်ဘက်ခြမ်း ကန်ကြီးဒေါင့် ရပ်ကွက်က ရေဘေး ဒုက္ခသည်တွေကို စားနပ်ရိက္ခာတွေ သွားရောက် ထောက်ပံ့ခဲ့ကြောင်း မင်္ဂလာဒုံမြို့နယ် NLD လူငယ်
လုပ်ငန်းအဖွဲ့ဝင် ကိုအေးမင်းစိုးက ပြောပါတယ်။
လတ်တလော အခြေအနေအရ ပဲခူးမြို့က ကားလမ်းမကြီးတွေမှာသာ ရေကျသွားပြီး ရပ်ကွက်တွေ ကတော့ ရေနစ်မြုပ်နေစဲ ဖြစ်တဲ့အတွက် ဒုက္ခသည်တွေ အနေနဲ့ နေအိမ်တွေကို ပြန်လို့ မရသေးကြောင်း လှေတွေနဲ့ သွားလာနေရကြောင်း
သိရပါတယ်။
ဒီအတောအတွင်းမှာ ပဲခူးတိုင်း ကျောက်တန်း စံပြရွာမှာ ရေကြီးနေတဲ့ အတွက် အခက်အခဲ ဖြစ်နေသူတွေကို NLD လူငယ်တွေရဲ့ BG သွေးကူညီရေး အဖွဲ့က ဒီနေ့ ဆန်နဲ့ အဝတ်အထည်တွေ သွားရောက် လှူဒါန်း ခဲ့တယ်လို့ သိရပါတယ်။
ဆန်အိတ် ၆၀ နဲ့ အဝတ်အထည် ၁၅၀၀ ကျော ်သွားလှူခဲ့ပါတယ်။ ဒါ့အပြင် အဲဒီနားက ရွာသစ်ရွာကိုလဲ သွားလှူနေတယ်လို့ BG သွေးကူညီရေးအဖွဲ့ ခေါင်းဆောင် ကိုညီညီ က RFA ကို ပြောပါတယ်။
“ပဲခူးတိုင်း ကျောက်တန်း စံပြကျေးရွာမှာ ရှိတဲ့ သီရိမင်္ဂလာရာမ ဘုန်းကြီးကျောင်းကို ဝိသာလှကျောင်းက ဆရာလေးနဲ့ စက်မှုဇုံက လုပ်ငန်းရှင်တွေရယ်၊ ကျနော်တို့ BG သွေးကူညီရေး အဖွဲ့ရယ် အားလုံး ပူးပေါင်းပြီးတော့ လှူတာပါ။ အခု
ရွာသစ်ကိုလည်း သွားပြီးလှူဖို့ ကျနော်တို့ သွားနေပါတယ်”
အခုတော့ ပဲခူးနဲ့ အနီးတဝိုက်က နေရာတွေမှာ ရေကျသွားပြီလို့ ဆိုပါတယ်။ ဒါပေမယ့် ရေကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲ ဝမ်းလျှော ဝမ်းပျက်ရောဂါတွေ ကာကွယ် နိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပဲခူးခရီးစဉ်မှာ အဲဒီ ကျေးရွာတွေကို
ရေသန့်ဗူးတွေ လှူခဲ့ပါတယ်၊ ဒါပေမယ့် အဲဒီ ကျေးရွာတွေကို ဓာတ်ဆားထုပ်တွေလည်း ဆက်လှူသွားဖို့ စီစဉ်နေတယ်လို့ ကိုညီညီက ပြောပါတယ်။