ကျန်းမာရေး စောင့်ရှောက်မှု တိုးတက်အောင် NLD ဆောင်ရွက်မည်

နှစ်ပေါင်းများစွာနိမ့်ကျခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ် ပြန်လည်ကောင်းမွန်လာဖို့အတွက် ပြည် တွင်း၊ ပြည်ပအဖွဲ့အစည်းများနဲ့ ချိတ်ဆက်ဆောင်ရွက်သွား မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့မှာ ပြောကြား လိုက်ပါတယ်။

ရန်ကုန်မြို့၊ Park Royal ဟိုတယ်မှာ ဧပြီလ ၆ ရက်နေ့က ကျင်းပတဲ့ NLD ရဲ့ အမျိုးသားကျန်းမာရေးကွန်ရက်ဖွင့်ပွဲနဲ့ အလှူငွေပေးအပ်ပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ် photo : RFA/ Nay Myo Htun

နှစ်ပေါင်းများစွာ နိမ့်ကျခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ် ပြန်လည်ကောင်းမွန်လာဖို့ အတွက် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်းကကျင်းပတဲ့ NLD ပါတီရဲ့ အမျိုးသားကျန်းမာရေးကွန်ရက် ဖွင့်ပွဲအခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က မြန်မာပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုစနစ် တိုးတက်ကောင်းမွန်လာဖို့ အမြန်ဆုံး စတင်ဆောင်ရွက်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း၊ အနာဂတ်မျိုးဆက်တစ်ခုအထိ အချိန်မဆိုင်းတော့ပဲ အခုအချိန်ကစပြီး ဆောင်ရွက်ရမယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

အဲဒီလိုဖြစ်ဖို့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးအပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ အစိုးရဆေးရုံအားလုံးကို အဆင့်မြှင့်တင်သွားမှာဖြစ်ကြောင်း၊ ဆေးရုံတွေကို အဆင့်မြှင့်တင်လိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍကြီး တစ်ခုလုံးအတွက် ကြီးမားတဲ့ပြောင်းလဲတိုးတက်မှု ရရှိလာစေမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါ့ပြင်တစ်နိုင်ငံလုံးမှာရှိတဲ့ ဆရာဝန်၊ သူနာပြု၊ ဝမ်းဆွဲဆရာမတွေအပါအဝင် ကျန်းမာရေးဝန်ထမ်းအားလုံးရဲ့ ဘဝအဆင့်အတန်း မြင့်မားလာအောင် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း သူကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ် ပြန်လည်ကောင်းမွန်ဖို့အတွက် ကမ္ဘာ့နောက်ဆုံးပေါ် ကျန်းမာရေးအစီအစဉ်တွေကို နမူနာယူပြီး အကောင်ထည်ဖော်သွားမှာ ဖြစ်တယ်လို့ NLD အမျိုးသားကျန်းမာရေးကွန်ရက် ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းကလည်း အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေး ကော်မတီအနေနဲ့လည်း ဆေးရုံပြန်လည်တည်ဆောက်ရေး ရန်ပုံငွေအလှူငွေတွေ လက်ခံနေပြီး၊ ဒေါက်တာတင်မျိုးဝင်းကတဆင့် ကူညီလှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ရေး အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ဒေါက်တာ တင်မျိုးဝင်းကို RFA သတင်းထောက် မဇင်မာဝင်းက မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org