အနိုင်ရ NLD ကိုယ်စားလှယ် ၃ ဦးကို ကြံ့ခိုင်ရေး ကိုယ်စား လှယ်တွေ ကန့်ကွက်

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ကော့မှူး၊ လှိုင်သာယာနဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်တွေကနေ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ် ၃ ဦးကို ရှုံးနိမ့်ခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေ က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ကန့်ကွက်လွှာ တင်သွင်းလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးနေသူတစ်ဦးကို တွေ့ရစဉ် Photo: Kyaw Zaw Win/ RFA

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီး ကော့မှူး၊ လှိုင်သာယာနဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်တွေကနေ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ် ၃ ဦးကို ရှုံးနိမ့်ခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ကန့်ကွက်လွှာ တင်သွင်းလိုက်ပါတယ်။

ကိုယ်စားလှယ်တွေလိုက်နာရမယ့် ကျင့်ဝတ်တွေဖောက်ဖျက်တာတွေရှိသလို တရားမဲ့ပြုကျင့်မှု တွေရှိတယ် ဆိုပြီး ကန့်ကွက်လွှာတင်သွင်းလာတာ ဖြစ်တယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်း ကပြောပါတယ်။

"ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက် များ နိုင်ငံရေးပါတီများနဲ့ ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့်ကျင့်ဝတ်များကို ဖောက်ဖျက် ကျူးလွန်လျက်တရားမဲ့ပြုကျင့်မှုများပြုလုပ်သဖြင့် ဆိုပြီးပေါ့။ သုံးခုလုံးက သူတို့ရဲ့ ကန့်ကွက်တဲ့ အကြောင်းပြ ချက်က အဲ့ဒါတွေပါပဲ"

ကြားဖြတ်ရွေးကောက်ပွဲမှာ ကော့မှူးမြို့နယ်ကနေ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ ဦး ကျော်ဆွေဝင်းက ကန့်ကွက်လွှာ တင်သွင်းခံရတာကို မသိရှိသေးကြောင်းနဲ့ နားလည်မှုလွဲမှားတာ ဖြစ်နိုင် တယ်လို့ ပြောပါတယ်။

"ကျနော်တို့ မကြားရသေးဘူး။ နားလည်မှုလွဲတာလောက်ပဲ ရှိလိမ့်မယ်ထင်တာပဲ ကျနော်ကတော့လေ။ ကြီးကြီးမားမား ပြဿနာကျနော်တို့ကတော့ မရှိခဲ့ဘူးဘူးဗျ။ ရွေးကောက်ပွဲအောင်နိုင်ရေးလှည့်တုန်းက ကားတစ်စီးနဲ့ တစ်စီး ရွာတွေမှာကားတွေစီတန်းလှည့်လည်ရင်းနဲ့ တစ်ယောက်နဲ့ တစ်ယောက်ပဲ နားလည်မှု လွဲလို့များ ဖြစ်သလား။ဒါလောက်ပဲရှိမှာပါ။ ကျန်တာတော့ ကျနော်တော့ မရှိဘူးဗျ။ ပြဿနာတော့"

ရွေးကောက်ပွဲအနိုင်ရတဲ့ လွှတ်တော် ကိုယ်စားလှယ်အမည်ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲက ကြေညာပြီး ၄၅ ရက်အတွင်းမှာ အနိုင်ရ ကိုယ်စားလှယ် တွေကို ယှဉ်ပြိုင်အရွေးခံခဲ့တဲ့ ကိုယ်စားလှယ်တွေနဲ့ မဲဆန္ဒရှင်ပြည်သူတွေက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ကန့်ကွက်လွှာ တင်သွင်းခွင့်ရှိတာဖြစ်ပါတယ်။

ဒါ့ကြောင့် ကန့်ကွက်လွှာတွေကို လာမယ့်မေလ ၁၅ ရက်နေ့အထိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လက်ခံသွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်မြေ ၁၉ ခုရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၉ နေရာ၊ ရှမ်းတိုင်း ရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ၆ နေရာ ၊ ကြံခိုင်ဖွံ့ဖြိုး ရေးပါတီက ၂ နေရာ၊ ရခိုင်အမျိုးသားပါတီက ၁ နေရာနဲ့ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ ( ကယားပြည်နယ်) က ၁ နေရာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ ပါတီအသီးသီးက ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီး ကန့်ကွက်လွှာ တင်သွင်း လာမှုတွေ ကို လာမယ့် မေလ ၁၅ ရက်နေ့ နောက်ပိုင်းမှာ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာပေး သွားမယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org