ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်တိုင်းအတွက် NLD ယှဉ်ပြိုင်မည်
ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ရင် NLD ပါတီအနေနဲ့ မဲဆန္ဒနယ်တိုင်းမှာ ဝင်ရောက်အရွေးချယ် ခံမှာဖြစ်တယ်လို့ ပါတီရဲ့ ပြန်ကြားရေးအဖွဲ့ဝင်ဖြစ်တဲ့ စာရေးဆရာ မုံရွာအောင်ရှင်က ပြောပါတယ်။
-
2018-01-04 -
-
-
ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ရင် NLD ပါတီအနေနဲ့ မဲဆန္ဒနယ်တိုင်းမှာ ဝင်ရောက်အရွေးချယ်ခံမှာဖြစ်တယ်လို့ ပါတီရဲ့ ပြန်ကြားရေးအဖွဲ့ဝင်ဖြစ်တဲ့ စာရေးဆရာ မုံရွာအောင်ရှင်က ပြောပါတယ်။
ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ပြုလုပ်ခဲ့တဲ့ နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့ နှစ်ပတ်လည် အခမ်းအနားအပြီးမှာ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို မုံရွာအောင်ရှင်က အခုလို ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
"လစ်လပ်နေရာအားလုံး တရားဝင်က ၇ ခုလောက်ရှိတယ်၊ ဒါပေမဲ့ အရင်ရွေးကောက်ပွဲတွေတုန်းက မကျင်းပနိုင်တဲ့နေရာတွေမှာလည်း ရွေးကောက်ပွဲ လုပ်ဖြစ်ချင်ရင်လည်း လုပ်ဖြစ်မှာပေါ့၊ NLD က အကုန်ဝင်ပြိုင်မှာပါပဲ"
လက်ရှိအစိုးရ သက်တမ်းအတွင်း ဒုတိယအကြိမ်မြောက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းမှာ ကျင်းပနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောထားပါတယ်။
လက်ရှိအချိန်မှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၇ ခုရှိပြီး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၂ ခုနဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် မဲဆန္ဒနယ် ၅ နေရာ လစ်လပ်နေတာဖြစ်ပါတယ်။
လက်ရှိ အစိုးရ သက်တမ်းအတွင်း ပထမအကြိမ် ကြားဖြတ်ရွေးကောက်ပွဲကိုတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပခဲ့ပြီး မဲဆန္ဒနယ် ၁၉ ခုမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၉ နေရာ အနိုင်ရခဲ့ပါတယ်။
ဒါ့အပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်အနိုင်ရခဲ့တဲ့ ကျိုင်းတုံမဲဆန္ဒနယ် အမှတ်(၂) မဲရလဒ်ကို NLD ကိုယ်စားလှယ်လောင်းက ကန့်ကွက်ရာမှာလည်း ကော်မရှင်က NLD ကိုယ်စားလှယ်ကို အနိုင်ပေးခဲ့ပါတယ်။