ညောင်ဦးမြို့နယ် ဇီးအိုရွာမှာ ရေရဖို့ NLD ကူညီမယ်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်ရဲ့ တာဝန်ပေးချက် အရ ညောင်ဦး မြို့နယ် ဇီးအို ကျေးရွာမှာ ရေတွင်းတူးဖို့ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင် ဦးဆောင်ပြီး စီစဉ်နေတယ်လု့ိ သတင်းရရှိ ပါတယ်။

ရွာရပ်မိရပ်ဖများနဲ့ တိုင်ပင်ပြီး တူးမည့်နေရာကို သတ်မှတ်ခဲ့ကြောင်း၊ ပထမတွင်းကို အောင်မြင်စွာ တူးဖော်ခဲ့တဲ့ ပုဂ္ဂိုလ်များနဲ့ တိုင်ပင်ပြီး ကုန်ကျစရိတ်၊ ရေရရှိနိုင်မည့် အလားအလာ စတဲ့ အကြောင်းအရာတွေကို မေးမြန်းပြီး စီစဉ်ခဲ့ကြောင်း ကျောက်ပန်းတောင်းမြို့ကို ခေတ္တရောက်နေတဲ့ ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။

ဒါ့အပြင် အဲဒီရွာက ဆွံ့အနေသူ ဖတဆိုး သမီးငယ် တဦးကို ဆေးကုပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ခဲ့စဉ်က ကတိပေးခဲ့ အတိုင်း အဲဒီကလေးကို ဆေးကုဖို့ အစီအစဉ် အတွက် လူကြီးတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က ပုဂံမှာ ရှိတဲ့ ကိုရင် ၄ ပါးကို ပဉ္စင်း ဖြစ်တဲ့ အထိ ပစ္စည်းလေးပါး ဒါယကာ ခံမယ်လို့ ပြောထားတဲ့ ကိစ္စကိုလည်း အကောင်အထည် ဖေါ်ခဲ့တယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

အဲဒီ ဇီးအိုရွာမှာ လက်ရှိ British Asia Japan – NGO အဖွဲ့က တူးပေးထားတဲ့ ရေတွင်း (၁) တွင်းပဲ ရှိတယ် လို့သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org