ဒေါ်အောင်ဆန်းစုကြည် သတင်းဖော်ပြတဲ့ ဂျာနယ် ၉ စောင် အပိတ်ခံရ

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာတဲ့ သတင်းနဲ့ မိန့်ခွန်း ကောက်နှုတ်ချက်တွေ ဖော်ပြခဲ့အပြီး ဂျာနယ် ၉ စောင်ကို စစ်အစိုးရ စာပေ စိစစ်ရေးက ပိတ်ပင်ခဲ့ပါတယ်။

စာနယ်ဇင်းများကို ရောင်းချရန် ပြင်ဆင် ခင်းကျင်းနေသော ဈေးသည်တဦး ဖြစ်ပါသည်။ AFP


ဒါပေမဲ့ ရန်ကုန်က ပုဂ္ဂလိက ဂျာနယ်တွေကို ပိတ်ပင်ရတာဟာ ဒေါ်အောင်ဆန်းစုကြည် သတင်း ဓာတ်ပုံ ဖော်ပြခဲ့လို့ မဟုတ်ဘဲ မျက်နှာဖုံး ညွန်ကြားချက် အတိုင်း မလိုက်နာတဲ့ အတွက် ပိတ်ပင်ရတာ ဖြစ်တယ်လို့ စာပေ စီစစ်ရေးက တာဝန်ရှိသူတစ်ဦးက ဒီကနေ့ ပြောကြောင်း အပိတ်ခံရတဲ့ စာနယ်ဇင်း ဆရာတဦးက ပြောပါတယ်။

ဒီသတင်းတွေ ဦးဦးဖျားဖျား ဖော်ပြခဲ့တဲ့ First Eleven နဲ့ Hot News ဂျာနယ်တွေကို ပိတ်ခဲ့ပြီး ရက်အနည်းငယ်အတွင်း 7 Days News , Venus, the Voice, People Era, လျှပ်တပြက် , Myanmar Post, Myanmar Newsweek ဂျာနယ် ၇ စောင်ကို မနေ့က တစ်ပတ်စီ ပိတ်ပင် လိုက်ပါတယ်။

အခုလို ပိတ်ပင်လိုက်တာနဲ့ပတ်သက်ပြီး အပိတ်ခံခဲ့ရတဲ့ ၇ စောင်ထဲမှာပါတဲ့ လျှပ်တပြက် ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က ဒါဟာ ၂၀၁၀ မှာ အများဆုံးပိတ်မှုပဲလို့ RFA ကိုပြောပါတယ်။

"စီစစ်ရေးမူတွေက ရှိပြီးသား။ အဲဒီမူတွေနဲ့ မကိုက်ညီတဲ့အတွက် ၇စောင်လောက် ရှိမှာပေါ့နော်။ Eleven Sport နဲ့ Hot News က ၂ ပါတ်၊ ကျန်တဲ့ဟာတွေက တပါတ်စီပေါ့ဗျာ။ ဒါ ဗမာပြည်မှာ ၂၀၁၀ မှာတော့ စံချိန်သစ်ပေါ့။"

ထုတ်ဝေခွင့် ယာယီ ပိတ်ပင်လိုက်ရတဲ့ အကြောင်း ဖော်ပြတဲ့အမိန့် ကြော်ငြာစာကို ရန်ကုန်မြို့ ဝင်္ကဘာလမ်းရှိ စာပေစီစစ်ရေးရုံးမှာ မနေ့ ညနေပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။


2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org