ပြင်ဦးလွင် မြို့ရှောင်လမ်းမှာ ကားနှစ်စီးတိုက်မိပြီး ကိုးဦး သေဆုံး

2022.08.29
ပြင်ဦးလွင် မြို့ရှောင်လမ်းမှာ ကားနှစ်စီးတိုက်မိပြီး ကိုးဦး သေဆုံး မန္တလေးတိုင်း ပြင်ဦးလွင်မြို့၊ မြို့ရှောင်လမ်းမှာ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် ကားတစ်စီးကို တွေ့ရစဉ်
ဓာတ်ပုံ - သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်း

မန္တလေးတိုင်း ပြင်ဦးလွင်မြို့၊ မြို့ရှောင်လမ်းမှာ ဩဂုတ်လ ၂၈ ရက် မနေ့ည ၇ နာရီခွဲ လောက်က (၂၂) ဘီးပါ ကုန်တင်တွဲကားနဲ့ Light Truck ကားတိုက်မိပြီး Light Truck ကားပေါ်မှာပါတဲ့ ကိုးဦး သေဆုံးခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းက ပြောပါတယ်။

Light Truck ကားပေါ်မှာ မင်းဘူးမြို့နဲ့ အောင်လံမြို့က ဒေသခံစုစုပေါင်း ၁၄ ဦး လိုက်ပါလာပြီး သူတို့ဟာ လောက်ကိုင်မြို့မှာ အလုပ်သွားလုပ်မယ့်သူတွေ ဖြစ်တယ်လို့ သွားရောက်ကူညီရာမှာ ပါဝင်သူတစ်ဦးက RFA ကို ပြောပါတယ်။

"ကားပေါ်မှာ ၁၄ ဦးပါတယ်။ ရောက်တဲ့အချိန်မှာတော့ ကိုးဦးက ဆုံးနေပြီ။ အသက် ရှင်တဲ့သူတွေကို ဆေးရုံကို ပို့ခဲ့တယ်။ မေးမြန်းလိုက်တဲ့ အချိန်မှာတော့ မင်းဘူး၊ အောင်လံဘက်ကလို့တော့ ပြောပါတယ်။ ကျန်တဲ့ ငါးဦးကတော့ ဆေးရုံတင်ထားရတယ်။ တွဲကားဘက်ကလူတွေကိုတော့ မတွေ့တော့ဘူး"

သေဆုံးသူတွေထဲမှာ အမျိုးသမီး သုံးဦးနဲ့ အမျိုးသား ခြောက်ဦးပါဝင်ပြီး ဒဏ်ရာရရှိသူ ငါးဦးထဲက နှစ်ဦးကတော့ စိုးရိမ်ရတာကြောင့် မန္တလေးဆေးရုံကြီးကို ညတွင်းချင်း ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရတဲ့အထဲက ကျန်တဲ့ သုံးဦးကတော့ ပြင်ဦးလွင်မြို့ ခုတင် ၃၀၀ ဆေးရုံရဲ့ ခွဲစိတ်ဌာနမှာ ဆေးကုသမှုခံယူနေတယ်လို့ သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။