မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းဖို့ အချိန်မတန်သေး

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန် အစိုးရရဲ့ ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းဖို့ အချိန်မတန်သေးကြောင်း၊ အနုပညာရှင် ကိုဇာဂနာနဲ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကချင်ပြည်နယ်အရေး လှှုပ်ရှားသူ ဒေါ်ဘောက်ဂျာတို့က ပြောလိုက်ပါတယ်။

၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီ ၂ ရက်နေ့တွင် ဝါရှင်တန်ဒီစီ NED ( National Endowment for Democracy ) က ပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲတွင် ကိုဇာဂနာ ဆွေးနွေးနေစဉ် Photo:RFA

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တော်က NED ခေါ် မြန်မာနိုင်ငံ ဒီမိုကရေစီအရေး အကူအညီ ပေးနေတဲ့အဖွဲ့ရဲ့ ရုံးခန်းမှာ မနေ့က ကျင်းပတဲ့ ဟောပြောပွဲမှာ ကိုဇာဂနာနဲ့ ဒေါ်ဘောက်ဂျာတို့က ပြောခဲ့တာပါ။

အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့က ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေဟာ မိမိတို့ တိုင်းပြည် ပြောင်းလဲမှုုအတွက် အသုံးဝင်တဲ့ဖိအားတွေဖြစ်ကြောင်း ကိုဇာဂနာက ပြောပါတယ်။

လက်ရှိ အခြေအနေမှာ ပြောင်းလဲမှုတွေ ရှိနေပေမယ့် တိုင်းရင်းသား ကချင်ပြည်နယ်မှာတော့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကထက် ပိုဆိုးကြောင်း၊ အစိုးရ စစ်သားတွေက ယောက်ကျားတွေကို ပေါ်တာဆွဲ၊ အမျိုးသမီးတွေကို မတရားပြုကျင့်၊ ပစ္စည်းယူ ရွာမီးရှို့ လုပ်ကြတာကြောင့် ဒေသခံ ကျေးရွာတွေ စစ်ပွဲဒဏ် ခံစားနေရကြောင်း ဒေါ်ဘောက်ဂျာက ပြောပါတယ်။

မနေ့က ကျင်းပတဲ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ အမေရိကန်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Michael Posner ကတော့ အမေရိကန် အစိုးရရဲ့ သဘောထားနဲ့ ပတ်သက်ပြီး "မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေ ဖြစ်နေပြီလို့ ယုံကြည်ရတဲ့ အခြေခံ အကြောင်းတွေ မိမိတို့မှာ ခိုင်ခိုင်လုံလုံ ရှိပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာလည်း အပြောင်းအလဲတွေ ခိုင်မာမှုမရှိဘဲနဲ့ မိမိတို့ အမေရိကန် အစိုးရရဲ့ အပြုသဘော ဆက်ဆံရေး မူဝါဒဟာ အလျင်စလို ချက်ခြင်း ပြောင်းလဲသွားဖို့မရှိပါဘူး" လို့ ပြောဆိုခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org