NED အဖွဲ့က ကိုမင်းကိုနိုင်ကို ဒီမိုကရေစီဆုပေးအပ်


2013.06.05

ကမ္ဘာတဝှမ်း ဒီမိုကရေစီ ထွန်းကားရေးအတွက် အားပေးကူညီနေတဲ့ အမေရိကန် ပြည်ထောင်စု National Endowment for Democracy (NED) အဖွဲ့က ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို ချီးမြှင့်ထားတဲ့ ဒီမိုကရေစီဆုပေးအပ်ပွဲ အခမ်းအနားကို ဝါရှင်တန်ဒီစီ ဒေသစံတော်ချိန် အင်္ဂါနေ့ နေ့လည် ၁ နာရီကနေ ၃ နာရီထိ အမေရိကန်လွှတ်တော် ခန်းမတစ်ခုမှာကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန်မက်ကိန်း၊ ဒီမိုကရက်တစ်ပါတီရဲ့ အောက်လွှတ်တော် ခေါင်းဆောင် နန်စီပလိုစီ၊ အောက်လွှတ်တော်အမတ် ဂျိုးဇက်ဖ်ခရော်လီနဲ့ ဆုချီးမြှင့်တဲ့ NED အဖွဲ့ဥက္ကဌ ကားလ်ဂါ့ရှ်မန်းတို့ တက်ရောက်ကြပါတယ်။

အခမ်းအနားမှာ ကိုမင်းကိုနိုင်က မြန်မာနိုင်ငံရဲ့ ရှည်လျားလှတဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ အမေရိကန်ပြည်ထောင်စုက တောက်လျှောက်အားပေးကူညီခဲ့တာကို ကျေးဇူးတင်ကြောင်းနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ထွန်းကားရေးအတွက် မိမိတို့နဲ့ဆက်လက်လက်တွဲဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

အမေရိကန်အမတ်တွေကလဲ မြန်မာနိုင်ငံက အပြောင်းအလဲတွေနဲ့ကိုက်ညီတဲ့ မူဝါဒတွေချမှတ်ဖို့ အမေရိကန်အစိုးရကို တိုက်တွန်းသလို၊ မြန်မာအစိုးရအနေနဲ့ ဆောင်ရွက်သင့်တာတွေကိုလဲ အသီးသီးပြောဆိုသွားကြပါတယ်။

ဒီအခမ်းအနားကို အမေရိကန်-မြန်မာ ပရိသတ်တစ်ရာနီးပါး တက်ရောက်ခဲ့ပါတယ်။

အမေရိကန်လွှတ်တော် အဆောက်အဦးမှာ မနေ့နေ့လည်ကကျင်းပခဲ့တဲ့ NED အဖွဲ့က ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ဆုပေးတဲ့အခမ်းအနားအကြောင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။

အခမ်းအနားတက်ခဲ့တဲ့ ကိုကိုကြီးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတု့ိ ၈၈ မျိုးဆက်အဖွဲ့ကို အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ရောက်ရှိစဉ် ဒေါ်လာတစ်သောင်းလှူဒါန်းခဲ့တဲ့ မြန်မာနိုင်ငံဖွား ဂျွန်ကျော်ကြီးနဲ့ ဦးခင်မောင်စိုး တွေ့ဆုံမေးမြန်းခဲ့တာကိုလည်း နားဆင်ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။