ဟာသသရုပ်ဆောင် ဇာဂနာ ဖမ်းဆီးခံရ

ကိုဂျေ(ဝါရှင်တန် ဒီစီ)
2021.04.06

အာဏာသိမ်းစစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ဧပြီလ ၅ ရက် ညနေပိုင်းကနေ ဧပြီလ ၆ ရက် ဒီနေ့ထိ ၂၄ နာရီအတွင်း RFA က အတည်ပြုလို့ရသမျှ တစ်နိုင်ငံလုံးမှာ သေနတ်ဒဏ်ရာရသူ အနည်းဆုံး သုံးဦးရှိပြီး မိုးကောင်းမြို့က အမျိုးသမီးတစ်ဦး သွေးထွက်လွန်ပြီး အသက်အန္တရာယ် စိုးရိမ်နေရပါတယ်။

ထပ်မံဖမ်းဆီးခံရသူတွေလည်းရှိပြီး ဒီအထဲမှာ ဟာသသရုပ်ဆောင် ဇာဂနာနဲ့ ဆရာဝန်တွေလည်း ပါဝင် ပါတယ်။

မြန်မာတစ်နိုင်ငံလုံးက မြို့နယ်အားလုံးနီးပါး နေ့စဉ်မပျက်ပုံမှန်အတိုင်း အာဏာသိမ်းစစ်ကောင်စီကို နည်းလမ်းမျိုးစုံနဲ့ ဆန္ဒပြနေကြပါတယ်။

သဘာဝဘေးအန္တရာယ် ဥပဒေပုဒ်မနဲ့တရားစွဲခံထားရတဲ့ သာယာဝတီက သပိတ်ခေါင်းဆောင်ရဲ့ မိသားစု တွေကို ဖမ်းဆီးသွားပြီး ပြန်လွှတ်ပေးခဲ့ပေမယ့် အသက်မပြည့်တဲ့ ကလေးတစ်ယောက် ရိုက်နှက်ခြိမ်းခြောက် ခံခဲ့ရပါတယ်။

မန္တလေးမြို့ ၇၃ လမ်း၊ အောင်ဆန်းလမ်းအနီးမှာ ပြုလုပ်ဖို့ စီစဉ်နေတဲ့ အာဏာသိမ်းစစ်အာဏာရှင် ကျဆုံးရေး ကျန်းမာရေးမိသားစုတွေရဲ့ စုပေါင်းအရုဏ်ဦးသပိတ်ကို ဧပြီလ ၆ ရက် ဒီနေ့ မနက်အစောပိုင်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းပြီး ဆရာဝန်လေးယောက်လောက်ကို ဖမ်းဆီးသွားပါတယ်။

အသံဗုံးနဲ့ ကျည်အစစ်သုံးဖြိုခွင်းတဲ့အတွက် အမျိုးသားတစ်ယောက် လက်မောင်းမှာ ကျည်ထိမှန်သွားပြီး ကလေးအထူးကု ဆရာဝန်နှစ်ယောက်နဲ့ အခြားဆရာဝန် နှစ်ယောက်ကို ဖမ်းဆီးသွားပါတယ်။

ဆန္ဒပြသူတွေရဲ့ ဆိုင်ကယ်တွေနဲ့ ဖုန်းတွေလည်း ယူဆောင်သွားပါတယ်။

လူစုနေတုန်း စစ်တပ်နဲ့ရဲ ရောက်လာပြီးဖြိုခွင်းတဲ့အတွက် ဆန္ဒပြချိန်တောင် မရလိုက်ပါဘူးလို့ ဆရာဝန် တစ်ယောက်က RFA ကို ပြောပါတယ်။

ကျန်းမာရေးမိသားစုတွေနဲ့ စစ်အာဏာရှင် ကျဆုံးရေးအတွက် ဆန္ဒရှိသူတွေစုပေါင်းပြီး အရုဏ်ဦးသပိတ်အဖြစ် ဆန္ဒပြခဲ့တာ တစ်လနီးပါးရှိနေပြီး ဒီနေ့ ပထမဆုံးအကြိမ် ဖြိုခွင်းခံရတာဖြစ်ပါတယ်။

ကချင်ပြည်နယ် မိုးကောင်းမြို့ ကျွန်းတောရပ်ကွက်နားမှာ အိုးတန်းရပ်ကွက်နဲ့ ကျွန်းတောရပ်ကွက်အနီး နန့်ရင်းချောင်းကို ဖြတ်ပြီးတည်ဆောက်ထားတဲ့ ကျွန်းတော တံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က မနေ့ည ၉ နာရီလောက်က ပစ်ခတ်တဲ့အတွက် အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက် သေနတ်ကျည်ဆံ ထိမှန်ဒဏ်ရာရခဲ့ပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြတာကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးတဲ့အတွက် ပြည်သူတွေဟာ အရုဏ်ဦး သပိတ်၊ နေ့ခင်းသပိတ်၊ ညသပိတ် စတဲ့ နည်းလမ်းပေါင်းစုံနဲ့ သပိတ်မှောက် ဆန္ဒပြနေကြတာဖြစ်ပါတယ်။

ကျွန်းတောရပ်ကွက်က အမျိုးသမီးတစ်ယောက်ဟာ သူ့ဈေးဆိုင်မှာ တစ်နေ့ရောင်းရငွေ ထိုင်ပြီးရေတွက် နေချိန်မှာ လက်မောင်းထုတ်ချင်းပေါက်သွားအောင် သေနတ်ပစ်ခတ်ခံရပြီး လူငယ်တစ်ယောက်ကတော့ ဆိုင်ကယ်နဲ့ပြန်အလှည့် တံတားနားမှာပဲ ခြေထောက်ကို ကျည်ဆံရှပ်ထိမှန်သွားတယ်လို့ လူမှုရေးအကူ အညီပေးနေသူတွေက ပြောပါတယ်။

အမျိုးသမီးကို စစ်တပ်က မြစ်ကြီးနား စစ်ဆေးရုံကို ဒီနေ့ ခေါ်သွားကြောင်းနဲ့ သွေးထွက်လွန်နေတဲ့အတွက် စိုးရိမ်ရကြောင်း မိုးကောင်း ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

သေနတ်ကျည်ဆံထိမှန်ပေမယ့် ချက်ချင်းဆေးဝါး ကုသမပေးတဲ့အတွက် ဒေသခံတွေက ဝိုင်းဝန်းတိုက်တွန်းလို့ ရဲတပ်ဖွဲ့နဲ့ နာရေးအသင်း ပူးပေါင်းပြီး မိုးကောင်းဆေးရုံကို ပို့ဆောင်ပေးလိုက်ပါတယ်။

ဒါပေမဲ့ သွေးထွက်လွန်နေလို့ မြစ်ကြီးနား စစ်ဆေးရုံကို ပို့ဆောင်ပေးမယ်လို့ တပ်ဘက်အရာရှိတချို့က ဒီမနက်က ပြောဆိုတဲ့အကြောင်းလည်း အဲဒီဒေသခံက ပြောပါတယ်။

မိုးကောင်းမြို့ နန့်ရင်းချောင်း ကျွန်းတောတံတားပေါ်မှာ စစ်ကောင်စီတပ်စွဲထားတာကို ရပ်ကွက်နေပြည်သူ တွေက မလိုလားဘဲ နေရာပြောင်းရွှေ့သွားစေလိုတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပဲခူးတိုင်း အနောက်ခြမ်း၊ သာယာဝတီမြို့နယ်က အာဏာသိမ်း စစ်ကောင်စီဆန့်ကျင်ရေး သပိတ်ပွဲ ဦးဆောင်မှုကြောင့် သဘာဝဘေးအန္တရယ်ဥပဒေ ပုဒ်မ ၂၅ နဲ့ ဖေဖော်ဝါရီ ၁၁ ရက်ကတည်းက အမှုဖွင့် ခံထားရတဲ့ ကိုဂျာလေးရဲ့ မိသားစုဝင် ခြောက်ယောက်ကို ဧပြီလ ၅ ရက် မနေ့ မနက်အစောပိုင်းမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပါတယ်။

ကိုဂျာလေးရဲ့ အသက် ၄ နှစ်အရွယ်သမီး၊ အသက်၂ နှစ်ခွဲအရွယ်တူမနဲ့ အသက် ၁၃ နှစ်အရွယ် ယောက်ဖ တော်စပ်သူ အပါအဝင် ကလေးတွေပါမချန်ဘဲ ယောက္ခမ၊ မရီးနဲ့ နောက်ယောက်ဖတစ်ယောက်တို့ကို ဖမ်းဆီးသွားခဲ့တာပါ။

သူတို့ကို မနေ့က ည ၈ နာရီလောက်မှာ ပြန်လွှတ်ပေးခဲ့ပေမယ့် အသက် ၁၃ နှစ်အရွယ် ယောက်ဖကိုတော့ ဆိုရှယ်မီဒီယာပေါ်မှာ ထပ်ဆင့်ဝေမျှတဲ့ ကိစ္စစစ်ဆေးမေးမြန်းချိန်မှာ ပါးတွေနားတွေ ရိုက်နှက်တယ်လို့ ကိုဂျာလေးက RFA ကို ပြောပါတယ်။

အဲဒီရိုက်နှက်စစ်ဆေးခံရတဲ့ ကလေးကို မြို့ပေါ်ပြန်ခေါ်လာပြီး အခြားလူတွေရဲ့ နေအိမ်တွေကို ခြိမ်းခြောက် ပြခိုင်းတာမို့ တခြားလူငယ်တွေနဲ့ မိသားစုဝင်တွေကို ဖမ်းဆီးခံရတယ်လို့လည်း ကိုဂျာလေးက ပြောပါတယ်။

သူ့မိသားစုဝင် ခြောက်ယောက်စလုံးကို ပြန်လွှတ်ပေးခဲ့ပေမယ့် ထွက်ပြေးပုန်းရှောင်နေတဲ့ ကိုဂျာလေးကို ဖမ်းဆီးလို့ရအောင် ကူညီမယ်လို့ ခံဝန်ချက်ပေးခဲ့ရပါတယ်။ ဖမ်းဆီးလို့မရရင် မိသားစုဝင်တွေ ပြန်လည် အဖမ်းခံရမယ်ဆိုတာ သိရှိပါကြောင်း ရဲစခန်းမှာ လက်မှတ်ရေးထိုးခဲ့ရတယ်လို့ ကိုဂျာလေးက ပြောပါတယ်။

တာမွေမြို့နယ်၊ ၁၆၆ လမ်းမှာနေထိုင်တဲ့ ဦးသူရ (ခေါ်) လူရွှင်တော် ဇာဂနာကို စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ဒီမနက်မှာ နေအိမ်ကနေ ဖမ်းဆီးသွားပါတယ်။

လူရွှင်တော် ငှက်ပျောကြော်နဲ့ လူရွှင်တော် ကောင်းကျော်တို့ကလည်း လူရွှင်တော်ဇာဂနာ ဖမ်းဆီးခံရတဲ့ အကြောင်း သူတို့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ ရေးသားထားပါတယ်။

ဟာသသရုပ်ဆောင် ဇာဂနာဟာ လူမှုကွန်ရက်စာမျက်နှာပေါ်က ပျောက်နေတဲ့သူဖြစ်ပြီး ဖမ်းဝရမ်းထုတ် ခံရတဲ့စာရင်းမှာ မပါဝင်သေးတဲ့အတွက် ဘယ်ပုဒ်မနဲ့ ဖမ်းဆီးမှန်းမသိရသေးသလို ဘယ်ကိုဖမ်းဆီး သွားတယ်ဆိုတာလည်း မသိရသေးပါဘူး။

တစ်နိုင်ငံလုံးမှာတော့ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ပြောက်ကျားနည်း အပါအဝင် နည်းမျိုးစုံနဲ့ သပိတ်တွေဆင်နွဲပြီး ဆက်လက်ဆန္ဒပြနေကြပါတယ်။

မန္တလေးမြို့နေရာစုံမှာ သပိတ်စစ်ကြောင်းတွေနဲ့ ဆန္ဒပြခဲ့ကြသလို ရန်ကုန်မြို့မှာလည်း ကြည့်မြင်တိုင်မြို့နယ်၊ လှိုင်မြို့နယ်တွေမှာ ဆန္ဒပြကြပါတယ်။ ဆားလင်းကြီးမြို့၊ မြင်းခြံမြို့၊ မွန်ပြည်နယ် မော်လမြိုင်မြို့၊ ပေါင်မြို့၊ တနင်္သာရီတိုင်း ထားဝယ်မြို့၊ ကန့်ဘလူမြို့နယ်၊ သဲတောဝမ်းတွင်းမြို့၊ ဒိုက်ဦးမြို့၊ ပေါင်းတည်၊ ရေဦးမြို့၊ ချင်းပြည်နယ် တီးတိန်မြို့၊ ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခန်မြို့သစ်၊ မိုးကောင်းမြို့၊ မိုးညှင်း၊ မြစ်ကြီးနားစတဲ့မြို့နယ်တွေ အပါအဝင် မြို့နယ်အတော်များများမှာ အာဏာသိမ်းစစ်ကောင်စီဆန့်ကျင်ရေး သပိတ်တွေကို မိုးထဲလေထဲမှာပဲ ဆက်လက်ဆင်နွဲနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။