ကလေးစစ်သားဟောင်းအစ်မ အပါအဝင် သုံးဦးအမှု ငါးလကျော်အတွင်း အပြီးစစ်မည်

နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ရုန်းရင်းဆန်ခတ်ဖြစ်စေရန် ရည်ရွယ်ရန်စမှုတွေနဲ့ တရားစွဲဆို ခံထားရတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးရဲ့ အစ်မဖြစ်သူ မနေဇာထွန်းနဲ့ ဝန်းရံသူ နှစ်ဦး အမှုကို ရက်ပေါင်း ၁၆၀ အတွင်း အပြီးစစ်ဖို့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တရားရုံးက သတ်မှတ်လိုက်ပါတယ်။

ကိုအောင်ကိုထွေးရဲ့အစ်မ မနေဇာထွန်းနဲ့ ဝန်းရံသူကို ၂၀၁၉ ဇူလိုင် ၁၈ ရက်နေ့က အချုပ်ကားပေါ်မှာတွေ့ရစဉ် Photo: Wai Mar Tun/RFA

နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ရုန်းရင်းဆန်ခတ်ဖြစ်စေရန် ရည်ရွယ်ရန်စမှုတွေနဲ့ တရားစွဲဆိုခံထားရတဲ့ ကလေး စစ်သားဟောင်း ကိုအောင်ကိုထွေးရဲ့ အစ်မဖြစ်သူ မနေဇာထွန်းနဲ့ ဝန်းရံသူ နှစ်ဦး အမှုကို ရက်ပေါင်း ၁၆၀ အတွင်း အပြီးစစ်ဖို့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တရားရုံးက သတ်မှတ်လိုက်ပါတယ်။

မနေဇာထွန်းဘက်က အမှုကို လိုက်ပါဆောင်ရွက်ပေးမယ့် တရားလွှတ်တော်ရှေ့နေ ဦးဇော်မင်းလှိုင်က တရားလို၊ တရားစွဲခံရသူ နှစ်ဖက်လုံးကို မျှမျှတတဆောင်ရွက်မယ်ဆိုရင် ကာလသတ်မှတ်စစ်ဆေးတဲ့စနစ်ဟာ အမှုသည်တွေ အတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်ဘဲ စစ်ဆေးနိုင်မယ့် ကောင်းမွန်တဲ့စနစ်ဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။

ကာလသတ်မှတ်ထားတဲ့ မှုခင်းစီမံခန့်ခွဲမှုစနစ်ဆိုတာ သက်သေတွေမလာတာ၊ တရားသူကြီး၊ ရှေ့နေတွေရဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေကြောင့် အမှုတွေ ကြန့်ကြာတာတွေကို မဖြစ်ဖို့ စစ်ဆေးချိန်ကို ကာလသတ်မှတ်ပြီး အပြီးသတ် စစ်တဲ့ စနစ်ဖြစ်ပါတယ်။

ဒီစနစ်အရ ဘယ်ရုံးချိန်းမှာ ဘယ်သူကိုစစ်မယ်ဆိုတာကို ကြိုတင်သတ်မှတ်ထားပြီး ဖြစ်ပါတယ်။ ဒီနေ့မှာတော့ မူလက တရားလိုဖြစ်တဲ့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှူး ရဲမှူးမောင်မောင်ကို စစ်ဆေးဖို့ရှိပေမယ့် မနေဇာထွန်း က ရှေ့နေပြောင်းလဲလျှောက်ထားခဲ့တဲ့အတွက် ရှေ့နေပါဝါတင်ပြီး နောက်ရုံးချိန်းမှသာ စစ်ဆေးဖို့ သဘောတူခဲ့ကြ ပါတယ်။

ဒီနေ့ရုံးထုတ်မှာ ရဲအင်အား ၂၀ လောက်လုံခြုံရေးယူထားပါတယ်။ ဒါ့အပြင် မနေဇာထွန်းတို့ကို အချုပ်ကားပေါ်ကနေ တရားရုံးအချုပ်ကို သွင်းစဉ်မှာ ရဲဝန်ထမ်းတွေက ထီးတွေနဲ့ ကာပြီးခေါ်ဖို့ လုပ်ဆောင်ခဲ့တဲ့အတွက် တရားစွဲခံရသူတွေ ဘက်က လက်မခံနိုင်ကြောင်း ငြင်းဆန်တာတွေရှိခဲ့ပါတယ်။

ရုံးထုတ်အတွင်းဖြစ်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ တရားလိုဖြစ်တဲ့ ရဲမှူးမောင်မောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပါဘူး။

ရုံးထုတ်မှာ တရားစွဲခံထားရသူ မနေဇာထွန်း၊ မခင်ချိုနိုင်နဲ့ ဦးမြင့်ဇော်တို့က ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ကြွေးကြော်ခဲ့ကြပါတယ်။

နောက်တစ်ကြိမ်ရုံးချိန်းကို လာမယ့် ဇူလိုင်လ ၂၃ ရက်နေ့ ချိန်းဆိုလိုက်ပြီး အဲဒီရုံးချိန်းမှာ တရားလိုကို စစ်မှာဖြစ်ကြောင်း တရားသူကြီးက ရှေ့နေတွေကို အသိပေးလိုက်ပါတယ်။

(RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org