မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေကို ထိန်းချုပ်ဖို့ ခက်ခဲ
အရှေ့တောင်အာရှ ရွှေတြိဂံနယ်မြေအတွင်း ရာဇဝတ်ဂိုဏ်းတွေစုဖွဲ့ပြီး မူးယစ်ဆေးဝါးမျိုးစုံ ပိုမိုတိုးချဲ့ ထုတ်လုပ်လာနေကြတဲ့အတွက်၊ မူးယစ်ဆေးထုတ်လုပ်ရာမှာသုံးတဲ့ ဓာတုပစ္စည်းတွေ ထိန်းချုပ်ရေးအတွက် မဟာဗျူဟာသစ်တရပ် ညှိနှိုင်းချမှတ်ကြဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှုရုံး UNODC က ပြောပါတယ်။
-
2018-11-07 -
-
-
အရှေ့တောင်အာရှ ရွှေတြိဂံနယ်မြေအတွင်း ရာဇဝတ်ဂိုဏ်းတွေစုဖွဲ့ပြီး မူးယစ်ဆေးဝါးမျိုးစုံ ပိုမိုတိုးချဲ့ ထုတ်လုပ် လာနေကြတဲ့အတွက်၊ မူးယစ်ဆေးထုတ်လုပ်ရာမှာသုံးတဲ့ ဓာတုပစ္စည်းတွေ ထိန်းချုပ်ရေးအတွက် မဟာဗျူဟာ သစ်တရပ် ညှိနှိုင်းချမှတ်ကြဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇဝတ်မှုရုံး UNODC က ပြောပါတယ်။
မြန်မာနိုင်ငံ နေပြည်တော်မှာ ဗုဒ္ဓဟူးနေ့က စတင်ကျင်းပခဲ့တဲ့ အာရှ ပစိဖိတ်ဒေသ မူးယစ်ဆေးဝါးနှိမ်နင်းရေး ညီလာခံမှာ ပြောဆိုခဲ့တာပါ။
လူမျိုးစုလက်နက်ကိုင် ပဋိပက္ခတွေရှိနေတဲ့ မြန်မာပြည်မြောက်ပိုင်းက ရွှေတြိဂံဒေသမှာ ဘိန်းစိုက်ပျိုးမှုနဲ့ ဘိန်းဖြူမှောင်ခိုလုပ်ငန်း ကျဆင်းသွားခဲ့ပြီး၊ မက်သာဖက်တမင်းလို ဓာတုဗေဒ မူးယစ်ဆေးဝါးဈေးကွက်က ကြီးမားကျယ်ပြန့်လို့ လာနေပါတယ်။ အခုလောက် ဈေးကွက်ကြီးထွားလာတာမျိုး တစ်ခါမှာ မတွေ့ဖူးကြောင်း UNODC ရဲ့ ဒေသဆိုင်ရာ အရာရှိတစ်ဦးက ပြောပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူကလည်း မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါးတွေရဲ့ မူလပင်ရင်းဇစ်မြစ်နေရာဖြစ်နေပေမယ့် မူးယစ်ဆေးထုတ်လုပ်ရာမှာသုံးတဲ့ ဓာတုပစ္စည်းတွေရဲ့ ပင်ရင်းနေရာ တော့မဟုတ်ကြောင်း၊ နယ်စပ်ဒေသတွေကနေ ဓာတုပစ္စည်းတွေ ဝင်ရောက်လာတာတွေကို ထိန်းချုပ်ဖို့ ခက်ခဲနေကြောင်း ပြောဆိုပါတယ်။
ဒါပေမဲ့ နယ်မြေလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအားနည်းတဲ့ ဝေးလံတဲ့နယ်စပ်ဒေသတွေမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေကို စုံစမ်းသတင်းရယူ၊ တပ်မတော်တပ်ရင်း တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ ဘိန်းချက်စခန်းတွေကို ဖျက်ဆီးခဲ့တယ်လို့လည်း ပြောပါတယ်။
သုံးရက်တာ ကျင်းပမယ့် အဲဒီအခမ်းအနားကို မြန်မာအပါအဝင် အာဆီယံနိုင်ငံတွေ၊ တရုတ်၊ အိန္ဒိယ၊ နယူးဇီ လန်နိုင်ငံနဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုတိုက်ဖျက်ရေးအဖွဲ့ UNODC က အရာရှိတွေ တက်ရောက်ခဲ့ပြီး ဓာတုပစ္စည်းများ ထိန်းချုပ်ရေး နိုင်ငံတကာသဘောတူညီချက်တရပ် ထုတ်ပြန်မယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံကို တရုတ်နဲ့ အိန္ဒိယနိုင်ငံနယ်စပ်တွေကနေ မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ လိုအပ်တဲ့ ဓာတုပစ္စည်းတွေ အများဆုံးဝင်ရောက်နေတယ်လို့လည်း သိရပါတယ်။