နောင်ချိုတိုက်ပွဲမှာ အရပ်သားရှစ်ဦး သေဆုံး၊ နှစ်ဆယ်ကျော် ဒဏ်ရာရ

နောင်ချိုမှာ ဧပြီ ၁၅ ရက်ကနေ မေ ၁၆ ရက်အထိ စစ်တပ်နဲ့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲတွေအတွင်း ရှစ်ဦး သေဆုံးပြီး နှစ်ဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီလက်နက်ကြီးကြောင့် ပျက်စီးသွားသည့် နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာရှိ နေအိမ်တစ်လုံးကို ၂၀၂၄ ခုနှစ် မေလ ၁၄ ရက်နေ့တွင် TNLA က ထုတ်ပြန်ထားစဉ်။ TNLA

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ ဧပြီလ ၁၅ ရက်နေ့ကနေ မေလ ၁၆ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲတွေအတွင်း အရပ်သား ရှစ်ဦး သေဆုံးပြီး နှစ်ဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က မေလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတွေကြောင့် သေဆုံးရတာလို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ရဲ့ ပြောခွင့်ရသူ ယိင်းလျန်းဟန် က ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ရဟန်းတစ်ပါး၊ အမျိုးသမီး ခြောက်ဦးနဲ့ အမျိုးသား တစ်ဦးတို့ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေး ဝန်ကြီး ဦးခွန်သိမ်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် သရက်ကုန်း၊ ဇာလီ၊ ပါဟက်၊ ပန်ခံ၊ နားပျဉ်၊ ညောင်ကုန်းအပါအဝင် ကျေးရွာတချို့က ဒေသခံသုံးထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုက်ပွဲတွေအတွင်း အရပ်သားတွေရဲ့ နေအိမ် တစ်ရာခန့်လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org