လားရှိုးက နမ္မကျောက်မီးသွေးတွင်း သုံးရက်ဆက်တိုက် ဗုံးကြဲခံရ

လားရှိုးမြို့နယ် နမ့်ပေါင်ရွာအနီးမှာရှိတဲ့ နမ္မကျောက်မီးသွေးတွင်းကို စစ်တပ်က စက်တင်ဘာ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ သုံးရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

လားရှိုးမြို့ရှိ နမ္မကျောက်မီးသွေးတွင်း ဗုံးကြဲခံရမှုကြောင့် အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့သည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။ 果敢资讯网

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ရွာအနီးမှာရှိတဲ့ နမ္မကျောက်မီးသွေးတွင်းကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ သုံးရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ကျောက်မီးသွေးလုပ်ကွက်အတွင်းက အဆောက်အအုံတချို့နဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးသွားတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပေါင်ငါးရာဗုံးတွေ ကြဲချတာပါ။ လူတော့ ထိခိုက်တာ မရှိပါဘူး။ အဆောက်အအုံတွေတော့ ပျက်စီးတယ်။ ဗုံးကြဲချလို့ လုပ်ကွက်ထဲက မြေတွေမှာ အပေါက်တွေဖြစ်ကုန်တယ်။ ဒီနေ့ကတော့ လေယာဉ်သံ မကြားရသေးပါဘူး”

လားရှိုးမြို့ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ ကိုးကန့်တပ်မတော် (MNDAA) က သိမ်းပိုက်ထားပြီးနောက် စစ်ကောင်စီတပ်က လူနေရပ်ကွက်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်လာတာပါ။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ မဖြေဆိုပါဘူး။

စက်တင်ဘာ ၉ ရက်နေ့ကလည်း လားရှိုးမြို့နယ်အတွင်းက ရပ်ကွက် (၁) မှာရှိတဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးနဲ့ ဗျူဟာလမ်းတို့ကို စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နိုင်ငံရေး အကျဉ်းသားတစ်ဦး သေဆုံးပြီး နောက်ထပ် ၁၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်တာတွေ ဆက်တိုက်ရှိလာတာကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေအနေနဲ့ လေကြောင်းရန် သတိထားကြဖို့ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့က စက်တင်ဘာလ ၁၀ ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org