မိတ္ထီလာမြို့ ဒုက္ခသည်တွေမှာ အမုန်းတရားတွေ မတွေ့ရကြောင်း ဗီဂျေးနမ်ဘီယား ပြောကြား
မိတ္ထီလာမြို့မှာ အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာဝင်တွေ အကြားဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် ဒေသ ခံတွေ စိုးရိမ် ကြောက်ရွံ့နေကြပေမယ့် နှစ်ဖက် စလုံးမှာ အမုန်းတရားတွေ မတွေ့ရဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီယား Vijay Nambiar က ပြောကြားလိုက်ပါတယ်။
-
2013-03-24 -
-
-
မိတ္ထီလာမြို့မှာ အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်ရွံ့နေကြပေမယ့် နှစ်ဖက်စလုံးမှာ အမုန်းတရားတွေ မတွေ့ရဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီယား Vijay Nambiar က ပြောကြားလိုက်ပါတယ်။
မိတ္ထီလာမြို့ ခရိုင်အားကစားကွင်း၊ အမှတ် (၁) ရဲစခန်း၊ ပညာရေးကောလိပ်နဲ့ သာသနဝေပုလ္လကျောင်းတိုက် တို့မှာ စောင့်ရှောက်ထားတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ပြီးတဲ့နောက် မစ္စတာ ဗီဂျေးနမ်ဘီယားက ပြောကြားခဲ့တာပါ။
"အိုးအိမ်ဆုံးရှုံးတဲ့သူတွေ၊ ပစ္စည်းဆုံးရှုံးတဲ့နေရာတွေကို ကျနော်သွားကြည့်ခဲ့ပါတယ်၊ ဒုက္ခသည်တွေနဲ့လည်း စကားပြောခဲ့ရပါတယ်၊ သူတို့ရဲ့မျက်လုံးတွေထဲ မှာ ကြောက်နေတာတွေ စိုးရိမ်နေတာတွေ မြင်ခဲ့ ရပါတယ်၊ ဒါပေမယ့် အမုန်းတရားကိုတော့ ကျနော်မတွေ့ခဲ့ရပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခုလိုအခြေအနေတွေကို သူ့အနေနဲ့စိုးရိမ်ကြောင်း၊ အထူးသဖြင့် ဒုက္ခသည်ကလေးငယ်တွေရဲ့ အနာဂတ်ကို အကူအညီပေးဖို့လိုအပ်ကြောင်း၊ အစိုးရအနေနဲ့ ထိရောက်တဲ့ နည်းလမ်းတွေကိုအသုံးပြုပြီး တိုင်းပြည်ရဲ့ပြယုဒ်ကို မြှင့်တင်ပေးဖို့လိုအပ်ကြောင်း၊ ဘာသာပေါင်းစုံကလည်း အခြေအနေတွေကို လာရောက်ဖြေရှင်းပေးတဲ့အတွက် ကျေနပ်အားရမိကြောင်း မစ္စတာ ဗီဂျေးနမ်ဘီယားက ပြောကြားခဲ့ပါတယ်။
ဒီခရီးစဉ်မှာလိုက်ပါသွားတဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကလည်း အဓိကရုဏ်းကြောင့် မီးလောင်ခဲ့ရတဲ့ နေအိမ်တွေကို ပြန်လည်တည်ဆောက်ပေးမှာဖြစ်ပြီး၊ မြို့ကို မူလအတိုင်း ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်အောင်စီမံဆောင်ရွက်ဖို့ သမ္မတ ဦးသိန်းစိန်ကလည်း ညွှန်ကြားထားတယ်လို့ RFA ကို ပြောပါတယ်။
မစ္စတာ ဗီဂျေးနမ်ဘီယားရဲ့ မိတ္ထီလာခရီးစဉ်မှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ တပ်မတော် အဆင့်မြင့်အရာရှိကြီးတွေအပြင် ဆရာတော် အရှင်ဆေကိန္ဒ၊ ရွှေညဝါဆရာတော် ဦးပညာသီဟ၊ မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူနဲ့ ရန်ကုန်အခြေစိုက် အစ္စလာမ် ဘာသာရေးခေါင်းဆောင်တွေလည်း လိုက်ပါခဲ့ကြပါတယ်။
သုံးရက်ကြာဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှာ သေဆုံးသူ ၃၂ ဦးရှိပြီး၊ ဒေသခံ ၉၆၀၀ ကျော် ဒုက္ခသည်တွေဖြစ်ခဲ့ရတယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကလည်း မိတ္တီလာမြို့အကြမ်းဖက်မီးရှို့မှုဖြစ်စဉ်မှာ ပါဝင်ခဲ့တယ်လို့ ယူဆရသူ ၁၃ ယောက်၊ လယ်ဝေးမြို့ ရုံးပင်ကျေးရွာဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ယူဆရသူ ၅ ယောက်နဲ့ ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ယူဆရသူ ၁၇ ယောက်တို့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထိန်းသိမ်းစစ်ဆေးနေပြီး ဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ မိတ္တီလာမြို့မှာ တုတ်ဓါးလက်နက် ကိုင်ဆောင်သွားလာသူ ၅၂ ဦးကို ထိန်းသိမ်းခဲ့ပြီး ခံဝန်နဲ့ ပြန်လွှတ်လိုက်ကြောင်း ဒီကနေ့ထုတ်ပြန်ကြေညာခဲ့ပါတယ်။