ဆန္ဒပြ သံဃာတွေအပေါ် အကြမ်းဖက် ဖြိုခွဲမှုအား မုံရွာရဲတပ်ဖွဲ့ တောင်းပန်

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း သပိတ်စခန်းကို အကြမ်းဖက် ဖြိုခွဲမှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ရဟန်းတော်တွေကို တောင်းပန်တဲ့အနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးဦးဆောင်တဲ့ အစိုးရတာဝန်ရှိသူတွေဟာ သံဃာ့သြဝါဒ ခံယူပွဲတစ်ရပ်ကို ဒီကနေ့ မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ပြုလုပ်ခဲ့ပါတယ်။

လက်ပန်းတောင်းသပိတ်တွင် ဒဏ်ရာရသူများအား မုံရွာပြည်သူ့ဆေးရုံတွင် သီတဂူဆရာတော် အရှင်ဉာဏိဿရ က လာရောက်ကြည့်ရှုစဉ် Photo: RFA

မုံရွာမြို့၊ ရွှေစည်းခုံဘုရား၊ တင်ဝင်းထွန်း ဓမ္မဗိမ္မာန်မှာ  နေ့လည် ၂နာရီလောက်က ပြုလုပ်ခဲ့တာဖြစ်ပြီး သံဃာအပါး ၂ဝကို ဖိတ်ကြားခဲ့ပေမယ့် သံဃာအနည်းအကျဉ်းသာ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အာဏာပိုင်တွေရဲ့ အခုလုပ်ရပ်ဟာ အကြမ်းဖက်ခံရတဲ့ သံဃာတော်တွေကို တောင်းပန်တာမျိုးမဟုတ်တဲ့အတွက် အခြေအနေတွေကို ပိုမိုဆိုးရွားသွားစေတယ်လို့ မနေ့က မန္တလေးသံဃာတော် ထိုင်သပိတ်ပွဲကို ဦးဆောင်ခဲ့တဲ့ ဓမ္မိကာရာမကျောင်းတိုက် ဘဝအလင်းဆရာတော် ဦးသောဘိတက ဝေဖန်မိန့်ကြားပါတယ်။ သြဝါဒခံယူပွဲအပြီးမှာ ဖိတ်ကြားခံရတဲ့ ဆရာတော်တွေကို အာဏာပိုင်တွေက သင်္ကန်းဆပ်ကပ် လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။

မနေ့ကဆိုရင် မုံရွာလက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြမှုကြောင့် အာဏာပိုင်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်ခံရပြီး ဒဏ်ရာတွေရရှိခဲ့တဲ့ ရဟန်းသံဃာတော်တွေကို နာမည်ကျော် သီတဂူဆရာတော် အရှင် ဒေါက်တာ ဉာဏိဿရက သွားရောက်တွေ့ဆုံပြီး ငွေကြေးလှူဒါန်းခဲ့ပါတယ်။

မုံရွာဆေးရုံမှာ မြင်တွေ့ခဲ့ရတဲ့ သံဃာတော်တွေဟာ မီးလောင်ဗုံးထိမှန်ထားတဲ့ ဒဏ်ရာတွေအပြင် အက်ဆစ်လို ရေတွေနဲ့ ပက်ဖျန်းခံရတဲ့ ဒဏ်ရာတွေကလည်း တွေ့ခဲ့ရတယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။

သီတဂူဆရာတော် အရှင်ဉာဏိဿရကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က လျှောက်ထား မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။


တဆက်ထဲမှာလည်း လက်ပန်းတောင်းတောင်ဒေသရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး RFA သတင်းထောက် မသူဇာက  မြန်မာနိုင်ငံ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် ကျောင်းသားများအဖွဲ့က တာဝန်ခံ ကိုသောင်းထိုက်ကို ဆက်သွယ်မေးမြန်းထားတာကိုလည်း တဆက်ထဲနားဆင်နိုင်ပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org