မြစ်ခြေမြို့မှာ လက်နက်ကြီးကြောင့် မိသားစုဝင် ငါးဦး သေဆုံး
မြစ်ခြေမြို့ထဲကို စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ငါးဦး သေဆုံးသွားပါတယ်။
-
RFA Burmese
2025-01-01 -
-
-
မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေမြို့၊ မြို့မ အမှတ် (၁) ရပ်ကွက်ထဲကို ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကလေး သုံးဦး အပါအဝင် တစ်မိသားစုတည်းက ငါးဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိသားစုဝင် ရှစ်ဦး ထိမှန်ခဲ့တာဖြစ်ပြီး နောက်ထပ် မိသားစုဝင် သုံးဦးလည်း ဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေကတော့ အသက် တစ်နှစ်ခွဲအရွယ် မမိုးသီရိချို၊ ၁၃ နှစ်အရွယ် မစုစန္ဒီ၊ ကိုးနှစ် အရွယ် မောင်ကျော်စိုးလွင်၊ အသက် ၆၅ နှစ်အရွယ်တွေ ဖြစ်ကြတဲ့ ဦးညွန့်ရွှေနဲ့ ဒေါ်ကြည်မြင့်တို့ ဖြစ်ပါတယ်။
မြို့ရဲ့ အရှေ့မြောက်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က လူနေရပ်ကွက်ထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားတွေ သေဆုံးထိခိုက်ရတာလို့ မြစ်ခြေမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။
“လက်နက်ကြီးမှန်တာ ရှစ်ယောက်မှန်တာ ငါးယောက်သေသွားလို့ ကျွန်တော်တို့ သဂြိုလ်ပေးလိုက်ပြီ။ မြို့မရပ်ကွက် အမှတ် (၁) မှာ သူတို့က မြို့ရဲ့အရှေ့မြောက်ဘက်မှာ စစ်ကြောင်းထိုးလာရင်းနဲ့ ပစ်လိုက်တာ။ အပေါက်ဝလေးမှာ စုပြီးတော့ စကားပြောနေကြတုန်းမှာ အပေါက်ဝကို တည့်တည့်ကျတာ။ အဖိုးအဘွားနဲ့ သားသမီးတွေရောပေါ့။ မိသားစုဝင် အကုန်လုံးထိတာ။ ငါးယောက်ကတော့ သေဆုံးသွားပြီ။ ဒဏ်ရာရတဲ့ သုံးယောက်မှာ တစ်ယောက်ကတော့ စိုးရိမ်ရသေးတယ်”
မြစ်ခြေမြို့ကို စစ်ကောင်စီတပ်က ပခုက္ကူမြို့နယ်က စစ်ကြောင်းနှစ်ကြောင်း၊ ကမ္မမြို့က စစ်ကြောင်း သုံးကြောင်းနဲ့ ညောင်ဦးမြို့က စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း စစ်ကြောင်း ခြောက်ခုက အင်အားခြောက်ရာ ဝန်းကျင်နဲ့ စီးနင်းနေတာဖြစ်ပြီး လက်နက်ကြီး ပစ်ခတ်မှုတွေပါရှိနေတာလို့ သူက ပြောပါတယ်။
အဲဒီစစ်ကြောင်းတွေက မြစ်ခြေမြို့က အရပ်သား နှစ်ဆယ်ဝန်းကျင်ကိုလည်း ဖမ်းဆီးထားပြီး မြစ်ခြေမြို့အနီးတစ်၀ိုက်က စဘေ (အရှေ့) နဲ့ စဘေ (အလယ်) ရွာတို့ကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ကလည်း မြစ်ခြေမြို့ ကြက်ရှာရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေး တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA ရဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁၇၆၉ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၃၇၂၀ ဦး ရှိခဲ့ပါတယ်။